Warmly Welcomed

Just presentation by words, omens, signs of feelings, ideas penetrated into the heart.
You're invited to read, criticize and suggest.

ရင်ထဲသို့စူးနစ်လာသော ခံစားချက်များ၊ အတွေးအမြင်များအား စကားလုံးများ၊ နိမိတ်ပုံများ၊ သင်္ကေတများဖြင့် ကြိုးစားဖွဲ့စည်းတင်ပြ ထားခြင်းမျှသာ ဖြစ်ပါသည်။
ဖတ်ရှု၊ ဝေဖန်၊ အကြံပေးရန် ဖိတ်ခေါ်ပါသည်။

Saturday, December 19, 2015

မြန်မာနိုင်ငံရဲ့အပြောင်းအလဲမှာ မန္တလေးဆောင်းလည်းပါတယ်



''ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့
မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့''လို့
ဘွဲ့ဆိုခဲ့တာ...

ဆရာဖေရေ
အဲဒီဆောင်းဟာ
မန္တလေးမြို့ခံတွေနဲ့အတူ
မန္တလေးမြို့အပြင်ကို နှင်ထုတ်ခံလိုက်ရပြီ။

၂၆လမ်း၊ လမ်း၃၀၊ ၃၅လမ်း၊
၆၂လမ်း၊ လမ်း၈၀၊ ၈၄လမ်း၊ ၈၆လမ်း၊ မန္တလေးရဲ့ အသက်သွေးကြောလမ်းတွေမှာ
မြန်မာစကား မပြောတတ်၊ မြန်မာစကား မပီတဲ့
အသားဖြူ နီကြား တိုင်းရင်းသားမဟုတ်တဲ့လူတွေကို
အလွယ်တကူ တွေ့နိုင်ပေမယ့်
မန္တလေးဆောင်းစစ်စစ်နဲ့
မန္တလေးမြို့ခံ မြို့သူ၊ မြို့သားစစ်ကို
မန္တလေးမြို့စစ်စစ်ရဲ့
လမ်းကြိုလမ်းကြားမှာတောင် မတွေ့ရဘူး။

မန္တလေးမြို့ပြင်လေးရပ်မှာ
နေခွင့်မရတော့တဲ့ မန္တလေးဆောင်းဟာ
လေလုံအုတ်တိုက်မရှိတဲ့
မွေ့ယာ ဂွမ်းဆောင်ထူထူမရှိတဲ့
အမွှေးပွပွ အနွေးထည်မရှိတဲ့
မန္တလေးမြို့အစွန်က လူတွေကို
အသဲစွဲအောင်ချစ်တတ်ဖို့အတွက်
အရိုးကွဲအောင်ရိုက်နှက်နေတယ်။

အခုတော့...
မြန်မာနိုင်ငံရဲ့အပြောင်းအလဲမှာ
မန္တလေးဆောင်းဟာ ပြောင်းလဲသွားတယ်။

လှိုင်မျိုး
18th Dec 2015

Tuesday, July 14, 2015

''ငြိမ်းချမ်းရေးစား ပွဲဝိုင်း''


ဆားမပါတဲ့ ဟင်းလျာတွေနဲ့
တည်ခင်းဧည့်ခံသလို
ယုံကြည်မှုမပါပဲ ဆွေးနွေးတော့
ငြိမ်းချမ်းရေးအရသာ
ဘာသိတော့မှာလဲ...
အမြင်ချင်းမတူညီပဲ
ဆက်လျှောက်လှမ်းရင်း
ပန်းတိုင်ဟာ
ခင်ဗျားတို့စကားလုံးတွေနောက်မှာ
တဖြည်းဖြည်း ဝေးကျန်ခဲ့တယ်
ဒီလိုနဲ့
စက္ကူဖိတဲ့ ဖန်တုံးတစ်ခုလို
ငြိမ်းချမ်းရေးဟာ
ခင်ဗျားတို့စားပွဲအစွန်ကိုရောက်နေတယ်.....II II
လှိုင်မျိုး
07/04/2015