Warmly Welcomed

Just presentation by words, omens, signs of feelings, ideas penetrated into the heart.
You're invited to read, criticize and suggest.

ရင်ထဲသို့စူးနစ်လာသော ခံစားချက်များ၊ အတွေးအမြင်များအား စကားလုံးများ၊ နိမိတ်ပုံများ၊ သင်္ကေတများဖြင့် ကြိုးစားဖွဲ့စည်းတင်ပြ ထားခြင်းမျှသာ ဖြစ်ပါသည်။
ဖတ်ရှု၊ ဝေဖန်၊ အကြံပေးရန် ဖိတ်ခေါ်ပါသည်။

Tuesday, September 25, 2012

သတိရပေးးပါ

တွေ့နေရစဉ်မှာ
မှတ်မထင်ပဲနေခဲ့မိတဲ့
မျက်ဝန်းနက်တစ်စုံ
ရယ်သံချိုချိုနဲ့
စကားသံနွဲ့နွဲ့တွေကို
အခုမှ သတိရနေတတ်ပြီ...

ကောင်မလေး...
မင်းရော ငါ့ကိုသတိရရဲ့လား...

မင်းးဆွဲခဲ့ဖူးတဲ့ ငါ့လက်မောင်းရယ်
မင်းတွဲခဲ့ဖူးတဲ့ ငါ့ပုခုံးရယ်
မင်းမှေးစက်ဖူးတဲ့ ငါ့ရင်အစုံရယ်
မင်းမေ့နေပြီလား...

မင်းအတွက်ပေးခဲ့တဲ့ ငါ့စာတွေ
မင်းအတွက်ရေးခဲ့တဲ့ ငါ့ကဗျာတွေ
မင်းအတွက်ဆိုခဲ့တဲ့ ငါ့တေးတွေ
မင်းမှတ်မိသေးရဲ့လား...

တို့နှစ်ယောက်သွားခဲ့တဲ့ နေရာတွေ
တို့နှစ်ယောက် လျှောက်ခဲ့တဲ့လမ်းတွေနဲ့
တို့နှစ်ယောက်ပြောခဲ့တဲ့ စကားတွေးကို
သတိရပေးပါနော်...

ကောင်မလေးရယ်...
မင်းရဲ့ သတိရခြင်းတွေမှာ
ငါရှိနေသေးရဲ့လား...

မင်းရဲ့ တစ်ဘ၀စာမဟုတ်ရင်တောင်
တစ်ညတာ အိပ်မက်လောက်ဖြစ်ဖြစ်
ငါ့ကို သတိရပေးပါနော်... ။   ။

လှိုင်မျိုး
29th May 2006

နှုတ်ဆက်ချိန်

နှုတ်မဆက်ချင်ဘူးကွယ်...
တားထားချင်ပေမယ့်
မတားရက်ဘူး
မင်းဘ၀ ငါ့ဘဝ
အခြေအနေအရ
ခွဲကြရမှာပဲ...

နှုတ်ဆက်မျက်ရည်တွေ
မျက်ဝန်းက သိမ်းဆည်းထားပေမယ့်
နှလုံးသားမှာ ယိုစီးနေတော့
ငါ့ရင်တောင် ပွင့်လုနေပေါ့...။   ။

လှိုင်မျိုး
11st September 20006

လွမ်းးတယ်

ငါးပန်းချီတွေဆွဲလည်း
အလွမ်းတွေပဲ အရာင်တောက်နေတယ်...
ငါသီချင်းတွေဆိုလည်း
အလွမ်းပဲ သံစဉ်ညည်းနေတယ်...
ငါကဗျာတွေရေးလည်း
အလွမ်းတွေပဲ ကာရံထပ်နေတယ်...

ငါ အိပ်မပျော်တဲ့ ညတိုင်း
ငါ မင်းကိုလွမ်းတယ်...
ငါ အိပ်ပျော်တဲ့ ညတိုင်း
ငါ မင်းကိုလွမ်းတယ်...
ငါ လွမ်းစရာ မရှိရင်
ငါ မင်းကိုလွမ်းတယ်...
ငါ လွမ်းစရာရှိရင်
ငါ မင်းကိုလွမ်းတယ်...
ငါ လွမ်းတဲ့ အခါတိုင်း
ငါ မင်းကိုလွမ်းတယ်...
               လွမ်းတယ်...
               လွမ်းတယ်...
               လွမ်းတယ်...

လှိုင်မျိုး
1st j;une 2006

လွမ်းတယ်...

လွမ်းတယ်...
ဘယ်လိုစကားလုံးတွေနဲ့မှ
 ပုံဖော်ပြလို့မရဘူး
´´အလွမ်း``ဆိုတဲ့ ခံစားချက်ထက် ပိုပြီးတော့
ငါမင်းကို လွမ်းတယ်...

နောက်ဆုံးတော့လည်း
ဒီစကားလုံးပဲ သုံးရတော့မှာပေါ့...
လွမ်းတယ်...
လွမ်းတယ်...
လွမ်းတယ်...
လွမ်းတယ်...


လှိုင်မျိုး
Sep 25th, 2012



Tuesday, July 3, 2012

Use your … … … … အသုံးပြုပါ



Use your brain to think
Not to imagine the impossible.

Use your mouth to discuss
                        Not to argue with other.

Use your ears to understand
                        Not to listen to gossips.

Use your eyes to observe
                        Not to look down on the people.

Use your feet to travel
                        Not to stand at a place.

Use your heart to love
                        Not to play with it.

Hlaing Myoe





သင့်ဦးဏှောက်ကို
                        စဉ်းစားဆင်ခြင်ရန် အသုံးပြုပါ
မဖြစ်နိုင်တာတွေကို စိတ်ကူးယဉ်ရန် မဟုတ်ပါ

သင့်ပါးစပ်ကို
                        ဆွေးနွေးတိုင်ပင်ရန် အသုံးပြုပါ
တခြားသူများနှင့် အငြင်းအခုံပြုရန် မဟုတ်ပါ

သင့်နားများကို
                        နားလည်နိုင်ရန် အသုံးပြုပါ
အတင်းအဖျင်းများကို နားထောင်ရန် မဟုတ်ပါ

သင့်မျက်လုံးများကို
                        စူးစမ်းလေ့လာရန် အသုံးပြုပါ
လူတွေကို အထင်သေးစွာကြည့်ရန် မဟုတ်ပါ

သင့်ခြေထောက်များကို
                        ခရီးသွားရန် အသုံးပြုပါ 
 တစ်နေရာတည်းတွင် ရပ်နေရန် မဟုတ်ပါ

သင့်နှလုံးသားကို
                        ချစ်ခင်စုံမက်ရန် အသုံးပြုပါ
ဆော့ကစားရန် မဟုတ်ပါ

လှိုင်မျိုး







                       

Monday, July 2, 2012

ကြိုးမဲ့ပျံသန်းသူ


သူများကြိုးဆွဲမှ
အမြင့်တက်ရတဲ့ လေတံခွန်ထက်
ကိုယ်ပိုင်အတောင်ပံများနဲ့
ပျံသန်းလိုရာ ပျံသန်း
နားလိုရာ နားနိုင်တဲ့
ငှက်ငယ်ပဲဖြစ်ချင်တယ်။   ။

လှိုင်မျိုး

ပုံတူစိတ်ကူး




နံနက်မိုးသောက်ကူး
ချစ်သူ့ကေသာဦး
တော်ဝင်တင့်တယ်ထူး
တပါးသူကမ်းတဲ့နှင်းဆီဖူး
သူမပန်ဆင်ကာ ရွှင်မြူး

ကိုယ်ပျိုးတဲ့ စံပယ်ခူး
အချစ်ဦးအတွက် ရည်စူး
အတွေးမှာကြည်နူး
စိတ်ကူးနဲ့ ကိုယ်ရူး
အိပ်ယာထက်မှာ လွန့်လူး
နံနက်မိုးသောက်ကူး
… … … … … …
… … … … … …
… … … … … …


လှိုင်မျိုး

ကြိုးမဲ့ပျံသန်းသူ


လေဟုန်ကိုဆန်
အမြင့်ကိုပျံပါတယ်
ဒါပေမယ့်
သူများကြိုးဆွဲမှ ပျံရတဲ့
အဲဒီ လေတံခွန်
ငါ မဖြစ်ချင်ဘူး

လေဟုန်ကိုဆန်
အမြင့်ကို ပျံတာပါပဲ
ဒါပေမယ့်
ကိုယ်ပိုင်အတောင်ပံများနဲ့
ကိုယ်ပျံသန်းလိုရာသွား
နားလိုရာနားနိုင်တဲ့
ငှက်ငယ်ပဲဖြစ်ပါရ။   ။

လိုင်မျိုး

Wednesday, June 20, 2012

The History သမိုင်း


I have to write my own history. But in my history, there are about others.
ကိုယ့်သမိုင်း ကိုယ်ရေးရမယ်ဆိုပေမယ့် ကိုယ်ရေးရမယ့်သမိုင်းမှာ တခြားသူတွေ အကြောင်းလည်းပါနေတယ်လေ...။   ။

Hlaing Myoe
လှိုင်မျိုး

Sunday, June 17, 2012

ချစ်ခြင်းမေတ္တာတို့နှင့် နှလုံးသား

ချစ်ခြင်းမေတ္တာတို့နှင့် နှလုံးသားက
ဘယ်တော့မှ မယုတ်ညံ့ မညစ်ပတ်...
ရက်စက်သောစကားများ ပြောမထွက်...။  ။

လှိုင်မျိုး
June 17th 2012

Monday, June 11, 2012

အမည်မဲ့

ဖွင့်ပြောမှသိမှာလား
လွင့်မျောခဲ့တာကိုယ်ပါကွယ်...
မင်းရှေ့ကိုရောက်လာတဲ့ သစ်ရွက်ခြောက်လေးပါ
ဖွဖွလေးကောက်ပြီး ရေကြည်တစ်ပေါက်လောက်တိုက်လှည့်ပါ။

မောင်လှမျိုး(ချင်းချောင်းခြံ)


ငါဟာ...
မင်းရဲ့ ရှေ့မှောက်မှာ
ဒူးထောက်လာတဲ့ပန်း
ပွေ့ယူလို့နမ်းလိုက်ပါလားကွယ်...။   ။

လှိုင်မျိုး

အနှိုင်းမဲ့ ရင်ခွင်

ကောင်မလေးရေ...

နွေပေါက်မှာ နေပျောက်မထိုးရအောင်
ငါ့ရင်ခွင် မင်းအတွက် ဆောက်ထားပါတယ်...

မိုးအပြိုမှာလည်း ထီးမလိုပါပဲ
ငါ့ရင်ခွင် မင်းခိုလာနိုင်ပါတယ်...

ဆောင်းအေးအေးမှာလည်း
မီးအပူနဲ့ မနွေးရအောင်
ငါ့ရင်ခွင်က ထွေးပွေ့ပေးပါ့မယ်...

ဒါနဲ့များ ကောင်မလေးရယ်...
ဘာကြောင့် ထွက်ပြေးနေရချင်တာလဲ

ငါ့ရင်ခွင်ဟာ...
မင်းကိုယ် တစ်စုံစာ
လုံခြုံမှုပေးနိုင်ပါတယ်ကွာ။   ။

လှိုင်မျိုး

Sunday, June 10, 2012

Love အချစ်

Love is a part of life but important. Nobody can get a perfect life without love.
အချစ်ဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပါ... ဒါပေမယ့် အရေးတော့ကြီးတယ်။ အချစ်မရှိပဲ ဘယ်သူမှ ပြည့်စုံတဲ့ ဘ၀တစ်ခုကို မပိုင်ဆိုင်နိုင်ဘူး။   ။

Hlaing Myoe
လှိုင်မျိုး

The lotus in the mud ရွံ့ ညွန်ထဲမှကြာ

Even a lotus in dirty mud can grow up with excellent fragrance.
ရွံ့ ညွန်ထဲမှ ကြာပင်ဖြစ်သော်လည်း အကောင်းဆုံးရနံ့နှင့် သင်းပျံ့  ကြီထွားနိုင်၏။  ။

Hlaing Myoe
လှိုင်မျိုး

Practice makes perfect

There is a saying "Practice makes perfect".
If so, is it possible to practice the heart?
If possible, I want to practice my heart not to love her.

''လေ့ကျင့်ခြင်းက ပြီးပြည့်စုံစေတယ်'' တဲ့
အဲဒါဆို...
နှလုံးသားကိုရော လေ့ကျင့်ပေးလို့ရမလား...
ရမယ်ဆို...
သူမကို မချစ်မိအောင် ကျွန်တော့် နှလုံးသားကို လေ့ကျင့်ပေးချင်တယ်။   ။

Hlaing Myoe
လှိုင်မျိုး

For you

I miss you!
I love you!
I need you!
I wait you!

I remember you ever.
I forget you never.
You're always only one, my lover.

The moon's in the sky forever...
I'm ready for you forever... only for you!

ကျွန်တော်… သို့သော်… ကျေးဇူးပြု၍

ကျွန်တော်…
မြစ်လိုတသွင်သွင်စီးဆင်းချင်သည်
သို့သော်…
ကျွန်တော့်ကြောင့်တော.
ဘယ်သူ့မှ မြစ်ကျိုးအင်းတွေ ဖြစ်မကျန်ရစ်စေချင်ပါ
ကျေးဇူးပြု၍
ကျွန်တော့်အပေါ်ကို အမှိုက်သရိုက်တွေ အညစ်ကြေးတွေ မစွန့်ပစ်ကြပါနဲ့။

ကျွန်တော်…
ရွှေကန်ထဲမှ ကြာပန်းမဟုတ်ပါ
သို့သော်…
ရွံ့ညွန်ထဲမှ ကြာပင်ဖြစ်ပါစေ
အကောင်းဆုံးရနံ့နှင့် သင်းပျံ့ကြီးထွားနိုင်ပါတယ်
ကျေးဇူးပြု၍
ကျွန်တော့်ကို လွတ်လပ်စွာ ပွင့်လန်းခွင့်ပေးပါ။

ကျွန်တော်…
လောကအတွက်
စိန်တစ်ပွင့်လို အဖိုးတန်ချင်မှတန်ပါမည်
သို့သော်…
ကျောက်ခဲတစ်လုံးလောက်တော့ တစ်ထောင့်တစ်နေရာမှာ အသုံးဝင်ပါသည်
ကျေးဇူးပြု၍
တခါတရံမှာ ဖြစ်တတ်သော ကျွန်တော့်မာကျောမှုကို သည်းခံပေးပါ။

ကျွန်တော်…
ပခုံးပေါ်တွင် ၀န်ထုပ်ဝန်ပိုးများစွာ ပါလာသည်
သို့သော်…
တတ်နိုင်သရွေ့ ရှောင်ကွင်းသွားပါမည်
ကျေးဇူးပြု၍
တိုက်မိချိတ်မိလျှင်ခွင့်လွှတ်ပေးကြပါ။

ကျွန်တော်…
လျှောက်ရမည့် ဘ၀ခရီးက အကွေ့အကောက်များပါသည်
သို့သော်…
ကိုယ့်လမ်းကိုယ် ဖြောင့်မတ်မှန်ကန်စွာသွားပါမည်
ကျေးဇူးပြု၍
လမ်းဖယ်ပေးကြပါ။

ကျွန်တော်…
အဖြူရောင်သန့်သန့်ဖြင့်နေပါသည်
သို့သော်…
အစွန်းအထင်မခံပါ
ကျေးဇူးပြု၍
ကျွန်တော့်ကို အရောင်တွေမတင်ပါနှင့်။

ကျွန်တော်…
ကိုယ့်သမိုင်းကိုယ် ရေးပါသည်
သို့သော်…
ကျွန်တော့်သမိုင်းထဲတွင် သင်တို့အကြောင်းတွေပါနေသည်
ကျေးဇူးပြု၍
သင်တို့မကောင်းကြောင်းများပါနေလျှင် နားလည်ပေးကြပါ။   ။

လှိုင်မျိုး

အတု

ဆံပင်အတု…
မျက်တောင်အတု…
ခြေလက်အင်္ဂါအတု…
တိုးတက်တဲ့ခေတ်မှာ
အတုအယောင်ဆိုတာ လွယ်လိုက်တာ
မိတ္တူတွေပွားထားသလိုပဲ

မိတ်ဆွေအတု…
အပြုံးအတု…
ချစ်ခြင်းမေတ္တာအတု…
အတုတွေများလွန်းတော့
နှိုင်းယှဉ်ခွဲခြားဖို့
အစစ်တောင် ရှာမတွေ့တော့ဘူး

ငါရော…
အလွန်းလို့ အတု ရလိုက်တာလား
လည်လွန်းလို့ အတု လုပ်လိုက်မိတာလား
ငါ့ကိုငါ ရှာဖွေကြည့်မိတယ်
ဟော… တွေ့ပါပြီ
ငါဆိုတာလည်း
အတုအယောင်ပါပဲ။   ။

လှိုင်မျိုး
April 11, 2011

ကျွန်တော်ဆန္ဒများ

အမရဲ့တစ်သက်စာမဟုတ်တောင်
တစ်မျက်နှာစာလောက်
ကျွန်တော့်အတွက် ချန်ထားပေးပါ
ကျွန်တော်
အမဘ၀ထဲမှာ အမြဲရှိနေချင်လို့ပါ...

အမြဲတမ်းမဟုတ်တောင်
တခါတလေထွေးပွေ့ပေးပါ
ကျွန်တော့်တစ်သက်တာ
သတိရနေချင်လို့ပါ...

ထာဝရ အခွင့်မရတောင်
တွေ့တုန်းအခိုက်မှာ နမ်းရှိုက်ခွင့်ပေးပါ
ကျွန်တော်အမှတ်တရ
သိမ်းဆည်းထားချင်လို့ပါ...

ခဏခဏ ကြားခွင့်မရတောင်
တစ်ကြီမ်တစ်ခါ ဖြစ်ဖြစ်
ချစ်တယ် ဆိုတဲ့စကားကို ကြားချင်ပါတယ်
ကျွန်တော့် တစ်ဘ၀စာ ပျော်ရွှင်ချင်လို့ပါ...။   ။

လှိုင်မျိုး
12:00pm
Oct 10, 2010

ချစ်သူသိဖို့

ချစ်သူရယ်…

ဘာကိုမှ တက်မက်စွဲလမ်းခြင်း မရှိခဲ့တဲ့ငါ
မင်းမျက်နှာကိုတသ တမ်းတတတ်ပြီ…

ဘယ်သူ့ကိုမှ အမှတ်ရ သတိတရမရှိခဲ့တဲ့ငါ
မင်းကိုတောင့်တ လွမ်းဆွတ်နေတတ်ပြီ…

ဘယ်လိုခွဲခွာခြင်းကိုမှ ၀မ်းမနည်းတတ်တဲ့ငါ
မင်းနဲ့ဝေးရမှာကို မျက်ရည်ကျလောက်အောင် ကြောက်တတ်ပြီ…

ဘယ်အရာမဆို မထီမဲ့မြင် နေတတ်တဲ့ ငါ့မာန်မာန
မင်းနဲ့ကြ ငါကိုယ်တိုင် ဥပေက္ခာပြုလိုက်ပြီ…

ငါ့ရဲ့ ဆင်ခြင်တတ်တဲ့ အသိဥာဏ်အားလုံး
မင်းနဲ့ဆို အငွေ့ပျံပျောက်ဆုံး
ပကတိဖြူစင်ခဲ့တဲ့ ငါ့နှလုံးသား
ချစ်ခြင်းတို့မွေးဖွားခဲ့ပါသည်။

ငါ့ဘ၀…
ငါ့မှာရှိသမျှ…
ချစ်တတ်တဲ့ အရာအာလုံး
မင်းကို ပေးအပ်ထားပါတယ်…
ဘယ်သူ့ကိုမှ မချစ်ဘူးတဲ့ချစ်ခြင်း
ဘယ်သူ့ဆီမှ မရှိတဲ့ အချစ်မျိုးနဲ့
ငါ မင်းကို ချစ်တယ်…။   ။

လှိုင်မျိုး

သခင်မရဲ့ ကျွန်

သခင်မ မလို
         မျက်နှာညိုရင်
ပြိုလာမိုးလို
         ငိုကာညှိုးသူပါ…

သခင်မ ဒေါသ
         မုန်းမာန်ရှရင်
နေခပန်းလို
        ခွေလျနွမ်းသူပါ…

သခင်မ အကြိုက်
         ဘ၀င်ခိုက်ရင်
စုံကန်းလိုက်လို့
         ယုံစမ်း မိုက်သူပါ…

သခင်မ ဆန္ဒ…
         သခင်မ အလိုကျပါ…

စေရာကိုသွား
         ထားရာမှာနေ
အစေခံမွန်
         သခင်မရဲ့ကျွန်။   ။

လှိုင်မျိုး

အနင်းခံပန်း

သူမသိပေမယ့် ဝေခဲ့ပြီ…
သူမသိလည်းပဲ ကြွေရမည်…

မပန်ချင်ပေမယ့်လည်း ပွင့်မယ့်ပန်းပါ။
မနမ်းချင်ပေမယ့်လည်း ရနံ့သင်းမယ့်ပန်းပါ။

ပွေ့ယူနမ်းရှိုက်ခံ
ပင်မြင့်စံပန်းထက်
သူသွားမယ့်လမ်းက
အနင်းခံပန်းပဲ ဖြစ်ချင်တယ်။

ကောက်ယူနမ်းရှိုက်
ဦးထိပ်မှာစိုက် မပန်ချင်လည်း
စိတ်မကျေလည်တိုင်း
နင်းခြေ ခြေမွနိုင်မှာပေါ့။   ။

လှိုင်မျိုး

ဇာတ်မျော

ပုံသေနည်းမရှိတဲ့ ပုစ္ဆာကိုမှ
ငါ အဖြေရှာနေမိတယ်…
ပုစ္ဆာကမှားနေတာလား…
ငါကိုယ်တိုင်က
အဖြေမရှာနိုင်တာလာ…
လားပေါင်းများစွာသော မေးခွန်းတွေနဲ့
အမှားအမှန် ၀ဲဂယက်ထဲမှာ
ငါ မကူးခတ်နိုင်တော့ဘူး
ဘယ်သောင်တင်ပြီး ဘယ်ကမ်းကပ်လို့
ဘယ်လက်က ငါ့ကို ကယ်တင်မလဲ
ဘယ်ဆီမှန်းမသိတဲ့ အဖြေကိုရှာရင်း
ငါလေ… မျော…။   ။

လှိုင်မျိုး

မှန်ကန်သော သစ္စ္စာစကားကြောင့်

စကားသစ္စ္စာ   မှန်သောခါဝယ်
သြဇာလေးနက်    ပေါ်ဆီတက်၍
နွယ်မြတ်သစ်ပင်    ဆေးဖက်ဝင်၏။

''ကျွန်ုပ်သည် သူမအား ဖြူစင်ရိုးသားစွာ ချစ်ခဲ့ပါ၏''
ဤမှန်ကန်သော သစ္စာစကားကြောင့် ကျွန်ုပ်၏ ချစ်ခြင်းဖြင့်
သူမ၏ အတိတ်မှ ဒဏ်ရာတို့ ပျောက်ကင်းပါစေသား... ...
ကျွန်ုပ်တို့၏ အနာဂတ်သည်လည်း ပျော်ရွှင်ချမ်းမြေ့မှုတို့ဖြင့် လင်းလက်ပါစေသား... ...

လှိုင်မျိုး

အိပ်မက်သစ်ဆီ



ရောင်နီသစ်ကို မြင်မှတော့
ဒီအိပ်မက်ကို ငါ စွန့်ပစ်ရမှာပေါ့ …

ဒီအိပ်မက်ကို ဖက်တွယ်နေရင်
ငါမလိုချင်တဲ့ အိပ်မက်ဆိုးတွေပဲထပ်
ဆက်ကာဆက်ကာ မက်နေဦးမှာပဲ
ငါလိုချင်တဲ့ အိပ်မက်လှလှတွေအတွက်
နောက်ထပ်ညတွေ ငါအိပ်စက်ရဦးမယ် …

အဲဒီတော့ …
ဒီမနက်
ဒီအိပ်မက်က ငါနိုးထစေ …

ချစ်သောမေမေရေ …
သားအိပ်ယာက နိုးပြီလေ
ချစ်သောမေမေ့ထံ …
သားထွေးပြန်လာပြီ … ။   ။

လှိုင်မျိုး
March 17th ,2012

Saturday, June 9, 2012

နွေငြီးသံ

ကြည့်လေရာမြင်ကွင်း
ပူပြင်းပြာမှုံမြူနဲ့
ဆိုးတဲ့လေပူတို့သာ လမ်းသလားနေ ...

ရွှေအိုရောင်ရွက်ခြောက်
ကွေ့ကောက်သစ်ပျိုပင်တို့ကြား
ရှင်သန်နိုင်မယ့် အရိပ်ဆိုတာ
ဟို... အဝေးမှာပြေးနေတဲ့ တိမ်တလိပ်ပဲ ...

ပတ်ကြားအက်ပေါ်ကျောခင်း
ငိုက်စင်းမြက်ပြင်ကကြည့်
ငါ့အဖို့လည်း သောက်စရာရေမရှိ
ဝမ်းဗိုက်ဟောက်ပတ်နဲ့ စမ်းချောင်းက ကရုဏာသက်မိ ....

ရေကို နွေကသောက်
အရိပ်ကို နေကခြောက်တော့
လူတွေလည်း ရေနဲ့အရိပ်နောက် တကောက်ကောက် ...

နွေကိုမကြောက် နေပြောက်တွေအောက်
လျှောက်ရတဲ့ ဘ၀တွေအတွက်
နွေကဒဏ်ခတ် ကျောပြင်ထက်
နေရဲ့လက်ချက်တွေ ပွက်ပွက်နီနေ...

စီးမျှောနေသော ရာသီအသွင်ဖန်ဆင်း
လူ့စိတ်ရင်းကိုရူးအောင် ဖောက်ဖျတ်
လူတို့ကတဲ့ဇာတ်ကို
ပွတ်ဆူညံစေသည်...
မာန်နတ်ရဲ့တမန် ဖြစ်မည်...
မင်း... အမြန်ပြန်ပါတော့ နတ်ဆိုးရာသီ ... ။   ။

လှိုင်မျိုး
June 09,2012

Thursday, April 26, 2012

လူငယ်တစ်ယောက်ရဲ့လမင်း---တာရာမင်းဝေ

(၁)
မြူပြာတွေနဲ့ သာယာနေတဲ့ နံနက်ခင်းပါပဲ။
မြို့အ၀င်လမ်းလေးမှာ စကြာပန်းတွေလည်း ၀င်းဝင်းဝေေ၀ ပွင့်နေကြလေရဲ့။
လယ်ကွင်းတွေဆီက စီးမျောလာတဲ့ လေသုန်လေညင်းကလည်း ရိုးပြတ်ရနံ့သင်းနေတယ်။
မြို့သူမြို့သားတွေအားလုံး ဘုရားဝတ်ပြုလို့ပြီးခါစအချိန်ပေါ့။ ချိုလွင်တဲ့ ခေါင်းလောင်းသံတွေက မြို့ကလေးရဲ့နံရံမှာ ဘောင်ဘင်ရိုက်ခတ်နေပါတယ်။
အဲဒီလိုအချိန်မှာ ဒီမြို့ကလေးကို ဖုန်မှုန့်တွေနဲ့ နီမှောင်နေတဲ့ လူငယ်လေးတစ်ယောက် ရောက်လာပါတယ်။
(ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ) လမ်းတစ်လျှောက်လုံးမှာ အနောက်တောင်တန်းက တိုင်းရင်းသားတွေရဲ့ သီချင်းတစ်ပုဒ်ကို တိုးတိုးညည်းဆိုလာပါတယ်။
သူ့ကို အမှတ်တမဲ့ကြည့်လိုက်မိရင်း မြို့သူမြို့သားတွေ မျက်မှောင်ကြုတ်သွားတယ်။ သေသေချာချာထပ်ကြည့်ပြီး ဘယ်သူဘယ်ဝါရယ်လို့ မှတ်မိလိုက်တဲ့အခါ သူတို့မျက်နှာတွေ သွေးဆုတ်ဖြူရော်သွားတယ်။
ကသုတ်ကရုတ်နဲ့ ခြေလှမ်းတွေ ယိုင်ထွက်ပြီး လူငယ်နဲ့ ဝေးရာကိုရှောင်ကြတယ်။
မကြာမီမှာပဲ 'ဒီမွန်းပြန်လာပြီ' ဆိုတဲ့ သတင်းဟာ တစ်မြို့လုံးကို ပျံ့နှံ့သွားပါတော့တယ်။
အဲဒီသတင်းကြောင့် မြို့လေးဟာ တိတ်ဆိတ်ခြောက်ကပ်သွားတယ်။
ကန်းနေတဲ့မျက်လုံးကို စောင့်ရှောက်အုပ်မိုးပေးနေရတဲ့ မျက်ခုံးမွှေးကားကားကြီးလို စိတ်ပျက်လက်ပျက် ငိုက်တွဲကျသွားပါတယ်။
အဲဒီတစ်နေ့လုံးမှာ မြို့သူမြို့သားတွေဟာ တီးတိုးစကားကို အသံပြာအောင် ပြောဖြစ်ကြတယ်။
ညဘက်ရောက်တော့ အိမ်တံခါးတွေလုံအောင်ပိတ်ပြီး စောစောအိပ်ရာဝင်ကြတယ်။
သူတို့တွေဟာ အဲဒီလောက်အထိ ဒီမွန်းကို ရွံရှာကြောက်ရွံ့ကြတယ်။ ဒီမွန်းဟာ ဒီနယ်တစ်လွှားမှာ ပြိုင်ဘက်မရှိခဲ့တဲ့ လူမိုက်ကလေးပါ။
(ဘယ်လောက်မိုက်ခဲ့တယ်၊ သူတို့တွေ ဘာကြောင့် ဒီလောက်ကြောက်ကြတယ်၊ အခုသူ ဘယ်ကပြန်လာတယ်ဆိုတာတွေကတော့ ထားလိုက်ပါတော့)
ဒီမွန်းပြန်ရောက်လာပြီဆိုတော့ အနီးအပါးမြို့ရွာက လူမိုက်ကြီးတွေ၊ လူမိုက်လေးတွေ တဖွဲဖွဲလာရောက်နှုတ်ဆက်ကြတယ်။ ဒီမွန်းကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် တညီတညွတ်တည်း တင်မြှောက်ထားလိုက်တော့တယ်။
မြို့ကလေးကတော့ ဒီမွန်းပြန်ရောက်လာတာနဲ့ ပတ်သတ်ပြီး လည်ချောင်းထဲမှာ ပင့်ကူတစ်ကောင် အိမ်ဖွဲ့လာသလို ခံစားရတယ်။ အသက်ရှူရတာလည်း လေထဲမှာ သဲတရှပ်ရှပ်ပါလာသလိုပဲတဲ့။
လူကြီးအချို့ဟာ အိမ်ရှေ့ခန်းမှာထိုင်ပြီး ဆောင်းရာသီ ယပ်တောင်ကြီးတွေကို တဖျပ်ဖျပ်ခတ်နေကြတယ်။
အဲဒီလိုနဲ့ပဲ ဒီမွန်းပြန်ရောက်တာ နေ့ရက်တွေအတော်ကြာလာပါတော့တယ်။

(၂)
ဒီမွန်းက သိပ်တည်ငြိမ်တယ်။
သူ ပြောဆိုနေထိုင်ပုံကို လေ့လာရင် အတွေ့အကြုံသိပ်များခဲ့တဲ့ လူငယ်တစ်ယောက်မှန်း သိသာတယ်။
ဘာသာစကားလည်း သုံးလေးမျိုးတတ်တယ်။
တစ်ခါတစ်ခါ သူစကားပြောရင် ဘေးလူတွေ အလေးထားနားထောင်နေရတယ်။
ဖရီးမေဆင်ဂိုဏ်းအကြောင်းလည်းပါတယ်။
ဆာမှုရိုင်းယဉ်ကျေးမှုအကြောင်းလည်းပါတယ်။
စုံလို့ပါပဲလေ။
သေချာတာကတော့ ဒီမွန်းကို လိုလားသူကရော မလိုလားသူကပါ အတိုင်းအတာ ခပ်ကြီးကြီးတစ်ခုထားပြီး သူ့ကို 'ဖြုံ' ရတယ်။
သူ့အယူအဆကလေးတွေကလည်း တစ်မျိုးပဲ။ တစ်ခါက သူပြောဖူးတယ်။
"ကျုပ် ကြေးစားမိန်းမပျက်လေးတွေကို သနားတယ်"
"ဘာဖြစ်လို့လဲ ကိုဒီမွန်းရဲ့"
"မိန်းကလေးတစ်ယောက်ရဲ့ ဘ၀မှာ တန်ဖိုးအကြီးဆုံးက 'အပျိုရည်' နဲ့ အဲဒါကို ထိန်းသိမ်းထားတဲ့ 'ဣနြေ္ဒ' ပဲဗျ။ မပြေလည်တဲ့စားဝတ်နေမှုကြောင့် သူ့ရဲ့ အပျိုရည်ကို ရောင်းကုန်တစ်ခုလို ဈေးကွက်တင်ခဲ့ရတဲ့ ဒီလိုမိန်းကလေးတွေကို ကျုပ်သနားတယ်"
"သြော်"
"စားပွဲပေါ်မှာထိုင်၊ ပန်ကာအောက်မှာထိုင်၊ ကောင်တာနောက်မှာ ထိုင်ပြီး လူတွေကို ညှစ်ထုတ်ခေါင်းပုံဖြတ်နေတဲ့ မိန်းမမျိုးနဲ့စာရင် သူခန္ဓာသူရောင်းပြီး ရပ်တည်စားသောက်ရတဲ့ အဲဒီမိန်းကလေးမျိုးကို ကျုပ်သိပ်လေးစားတယ်"
ဒီမွန်းဟာ ငယ်ငယ်တုန်းက ကျောင်းစာထူးချွန်ခဲ့တဲ့ လူငယ်တစ်ဦးပဲ။ နောက်ပိုင်းမှာ ကျောင်းဆက်မတတ်တော့ပေမယ့် တက်ခဲ့စဉ်က 'လူရည်ချွန်ဆု' နှစ်ခါရဖူးတယ်။ အဲဒါကြောင့် သူ့ရဲ့အခြွေအရံတွေက တစ်ခါကျရင် 'ကျောင်းကိုမလွမ်းဘူးလား' လို့မေးတယ်။
သူက ခေါင်းခါတယ်။
"ပညာတွေလဲ သိပ်မတတ်ချင်ပါဘူးဗျာ။ လွမ်းစရာသိပ်များတဲ့ လောကကြီးမှာ ပညာနဲ့လွမ်းရတာ အနာဆုံးပဲ"
"ဘာကိုဆိုလိုတာတုန်းဗျ"
"သြော် ... မဖြစ်သင့်တာတွေ ဖြစ်တာကိုမြင်ရင် ဖြစ်သင့်တာက တစ်မျိုးဆိုတဲ့အတွေးနဲ့ နှမြောနာကျင်ရတာ ပညာတတ်တွေရဲ့ ၀ဋ်ဒုက္ခပဲလေ"
"သြော် ... သြော်"
မြို့ထဲက အဆီပြန်မျက်နှာနဲ့ ရှေ့နေ၀၀ဖိုင့်ဖိုင့်ကြီးကိုဆိုရင် ဒီမွန်းက သိပ်ကြည့်မရပါဘူး။
(အန္တရယ်တော့လည်း မပေးပါဘူး)
အဲဒီရှေ့နေကြီးကိုတွေ့ရင် သူ့လူတွေကို မေးငေါ့ပြတယ်။
"အဲဒါ နိရှေးရဲ့ အန်သိုလိုဂျီကျမ်းကြီးပေါ့"
သူ့လူတွေက ဘယ်နားလည်ပါ့မလဲ။ သူက ရှင်းပြတယ်။
"ဟစ်တလာက မူဆိုလီနီကို မွေးနေ့လက်ဆောင်ပေးနေတဲ့ ကျမ်းကြီးလေ ... ခင်ဗျားဖတ်မလား"
"ဟာ .. မဖတ်ချင်ပါဘူး"
"အေး .. အဲဒါဆို အဲဒီလူကြီးကိုလဲ မကြည့်နဲ့၊ လာ ကျုပ်တို့မျက်နှာလွှဲထားရအောင်"
ဒီမွန်းက အဲဒီလို လူမိုက်မျိုး၊ နည်းနည်းတော့ 'အံ့' လောက်ပါတယ်။
တစ်နေ့တော့ မြို့ကလေးရဲ့ နာရီစင်အောက်မှာ သူတို့အုပ်စုလက်ဖက်ရည်ထိုင်သောက်နေတုန်း ကျူရှင်တစ်ခုက ကျောင်းသူလေးတွေ ဆင်းလာတယ်။ အဲဒီကျောင်းသူတွေထဲကတစ်ယောက်ကို တွေ့လိုက်တာမှာ ဒီမွန်းရဲ့ မျက်လုံးတွေ ၀ိုင်းစက်ပျော့ပျောင်းသွားပါတယ်။
"ဟမ်းလော့"
"မဟုတ်ဘူး .. သူ့နာမည် ဟမ်းလော့မဟုတ်ဘူး"
"ဟမ်းလော့ (Hemlock)ဆိုတာ ပန်းဖြူတွေပွင့်တဲ့ အပင်တစ်မျိုးကိုပြောတာ။ သူ့နာမည် ဘယ်သူလဲတော့ ကျုပ်မသိဘူး။ ဒါပေမယ့် ကျုပ်အတွက်တော့ သူဟာ ဟမ်းလော့ပဲ။ ကျုပ် သူ့ကို ..."
အားလုံး အံ့သြသွားကြတယ်။
ဒီမွန်းရဲ့ သတ္တုရင်ခွင်ထဲမှာ အချစ်ဆိုတဲ့ပန်းလေးဟာ မွှေးအောင်ဘယ်လိုပွင့်သွားသလဲ။
တကယ်တော့ အဲဒီနေ့ဟာ ဘာမှမဆန်းပြားလှပါဘူး။
သာမန်နေရောင်ခြည်တွေနဲ့ တောက်လောင်နေတဲ့ နေ့ပါပဲ။
လေထဲမှာ ငှက်ကလေးတွေ ကူးခတ်ပြီး ရေထဲမှာ ငါးတွေပျံသန်းနေကြတာလည်း အရင်အတိုင်းပါပဲ။
တစ်ခုတော့ရှိတယ်။
အပြန်လမ်းမှာ ဒီမွန်းတစ်ယောက်တည်း ခေါင်းငုံ့လျှောက်လှမ်းရင်း အတွေးတွေ ဝေနေခဲ့တော့တယ်။

(၃)
အဲဒီလိုနဲ့ ဒီမွန်းရဲ့ လူငယ်ညတွေမှာ လရောင်ဖြူတွေက လေတိုက်တိုင်း၊ တဖျပ်ဖျပ်လွင့်ခတ်နေကြတယ်။
တစ်ညမှာ တစ်ကြိမ်သာမြင်ခွင့်ရှိတဲ့ 'လထွက်ချိန်' ကို ငြိမ်သက်ပြီး သူ စောင့်ငေးခဲ့ပြီ။ သစ်ခြောက်ပင်ကြီးပေါ်မှာ နှင်းခါးတွေ အုံ့အုံ့မှိုင်းမှိုင်းဝေတာကိုလည်း လမ်းပေါ်ကနေ သူရပ်ကြည့်နေတတ်ပြီ။ အိပ်ပျော်ချိန်မှာလည်း ပန်းဖြူတစ်ပွင့်ပန်ထားတဲ့ ရိုမန်တစ် အိပ်မက်တချို့ကိုပဲ ဌာန်ကုန်အောင် သူ မက်ခဲ့မိပေါ့။
ဟမ်းလော့ကို သူစွဲလမ်းမိတဲ့ကိစ္စက သိပ်တော့ အဆင်မသင့်လှပါဘူး။ ဟမ်းလော့ဟာ ဒီမြို့ရဲ့ အလှဆုံးမိန်းကလေးတွေထဲမှာ ပါပါတယ်။ မိဘတွေကလည်း ငွေကြေးချမ်းသာပြီး အလိုလိုက်ကြလို့ သူမဟာ ပေါ့ပေါ့တန်တန် ကြီးပြင်းလာတယ်။
အရွယ်ရောက်လာတော့ မျက်နှာများပြီး ရည်းစားများတယ်။ လမ်းဘေးအုတ်ခုံမှာထိုင်တဲ့ လူငယ်လေးတွေက သူ့ကို အသည်းခွဲဘုရင်မလို့ ခေါ်တယ်။ အဲဒီလိုမျိုးပေါ့။
သူမကို ဒီမွန်း စွဲလန်းနေတယ်ဆိုတဲ့သတင်းကလည်း ပျံ့ထွက်လာရော သူမတို့ မိသားစုဟာ တုန်လှုပ်ချောက်ချားသွားပါတယ်။ ဒီမွန်း အန္တရာယ်ပေးမှာ တစ်စုံတစ်ရာ တောင်းဆိုမှာတွေကို သူတို့ စိုးရိမ်ကြတယ်။ ဒီမြို့ကို စွန့်ခွာထွက်သွားဖို့ဆိုတာလည်း မလွယ်ကူလို့ တစ်နေ့နေ့မှာ ဘာဖြစ်လာမလဲဆိုတာကိုပဲ တထိတ်ထိတ်နဲ့ စောင့်နေကြရတယ်ပေါ့။
ဟမ်းလော့ဘက်ကလည်း ဂုဏ်တက်သွားတာလေးတွေ ရှိပါတယ်။ သူမလိုလှတဲ့ တခြားမိန်းကလေးတွေလည်း ရှိသေးရက်နဲ့ သူမကိုမှ ဒီမွန်းက တွယ်ငြိသွားရခြင်း၊ ဒီမွန်းလို စက်ရုပ်လူတစ်ယောက်ကို ရင်ခုန်အောင် ဆွဲဆောင်နိုင်ခြင်းတွေဟာ သူမတို့ မိန်းကလေးတွေကြားမှာတော့ ဟမ်းလော့ ခေါင်းမော့စရာပါပဲ။
အနေဝေးသူတွေအတွက် ဒီမွန်းက ခန့်မှန်းရခက်တယ်။ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ထွက်လာတာသာ မဟုတ်ဘူးဆိုရင် ဒီသတင်းဟာ ယုံချင်စရာမကောင်းဘူး။
ဒီမွန်းက တည်တည်ကြည်ကြည်ပါပဲ။
ဟမ်းလော့အပေါ် နူးညံ့သိမ်မွေ့နေတာကလွဲလို့ တခြားဘာအရိပ်အခြည်ကိုမှ မပြပါဘူး။ အဲဒါကြောင့် ဟမ်းလော့တို့ အသိုင်းအ၀ိုင်းက ပိုပြီးစိုးရိမ်လာကြတယ်။
တစ်နေ့မှာ သူတို့က 'နတ်ပွဲ' တစ်ခု ကျင်းပပါလေရော။
နတ်ပွဲလုပ်ရတာကတော့ သူတို့ရဲ့သမီးလေးမှာ ကြုံရမယ့် အနှောင့်အယှက်တွေကို နတ်ကတစ်ဆင့် တားဆီးကြည့်တာပါ။
ဒါပေမယ့် အဲဒီပွဲကို ဒီမွန်းက လာကြည့်တယ်။
ပြီးတော့ ...
"ဟေ့လူ ... လာဦး"
နတ်ဝင်သည်ကို သူ့ဆီခေါ်တယ်။ နတ်ဝင်သည်က ကြောက်နေတယ်။
(နတ်ဝင်သည်မှမဟုတ်ဘူး၊ အဲဒီအချိန်မှာ အားလုံးကြောက်နေပြီ)
"ခင်ဗျားကို မြှားနတ်မောင် ၀င်ပူးအောင် လုပ်စမ်းပါ။ နေဦး မြှားနတ်မောင်နဲ့ ဖူးစာရေးနတ်ဆိုတာ အတူတူပဲလား။"
"အဲ .. ကျွန် .. ကျွန်တော် မသိ ..."
"ခင်ဗျားနတ် 'က' စားနေပြီး မသိဘူးလား။ ကဲ .. ထားပါတော့။ တူတူ မတူတူ ၀င်ပူးအောင်လုပ်စမ်း"
"အဲ့ .. အဲဒီနတ်က တကယ်ရှိလို့လား"
"ဟင် ... ခင်ဗျားက ကျုပ်ကို ပြန်မေးနေတယ်။ ကျုပ်က ဘယ်သိမှာလဲ။ ကဲ အဲဒီနတ်တွေ မသေချာရင် 'ကျူးပစ်' ၀င်ပူးစမ်း။ ကျူးပစ်ဆိုတာ အချစ်နဲ့ပတ်သတ်တဲ့ ရောမက နတ်ပဲ"
"ရ ... ရမှာ မဟုတ်ဘူးဆရာ။ ဒါ ... ဒါက ရောမမှ မဟုတ်ဘဲ မလွယ် ... "
ဒီမွန်းက စိုက်ကြည့်တော့ နတ်ဝင်သည် ကြောက်ဒူးတုန်နေတယ်။
ဒါပေမယ့် ဒီမွန်းက ဘာမှမလုပ်ပါဘူး။
ဘွိုင်းဂျော့ရဲ့ သီချင်းအလိုက်အတိုင်း လေချွန်ပြီး အေးအေးဆေးဆေး လှည့်ပြန်သွားတယ်။
ညနေကျတော့ မြို့ပြင်က ပိတောက်ပင်ကြီးအောက်မှာ သူတစ်ယောက်တည်း ဂစ်တာကြိုးတပ်နေတယ်တဲ့။
သူ့ကိုလည်း သတိပေးသူက ပေးပါတယ်။
"ဟမ်းလော့တို့မိသားစုက အစ်ကို့ကို မလိုလားကြဘူး အစ်ကို"
"အဟင်း .. ဟမ်းလော့ကိုယ်တိုင်ကရော"
"အဲဒါတော့ မသိဘူး အစ်ကို။ ဒါပေမယ့် သူက ယောက်ျားလေးတွေကို ကစားတတ်၊ ပညာပြတတ်တယ်"
"ဒီလောက်တော့ရှိမှာပေါ့လေ။ ဟမ်းလော့ဆိုတာကိုက အဆိပ်ပင်တစ်မျိုးပဲဟာ"
"ဟင် ... ပန်းဖြူပွင့်တဲ့ အပင်ဆို"
"အေးလေ ... ပန်းဖြူပွင့်တဲ့ အဆိပ်ပင်"
အဲဒီလိုနဲ့ ရာသီဥတုသာယာတဲ့တစ်နေ့မှာ ဒီမွန်းက ဟမ်းလော့ကို စကားတစ်ခွန်းပြောပါတယ်။
ရိုးရိုးရှင်းရှင်းပါပဲ။
မင်းကို ချစ်တယ်တဲ့။

(၄)
"တစ်ခါတည်း အဖြေမတောင်းဘူးလား"
လို့ ဒီမွန်းကို ၀ိုင်းမေးကြတယ်။
ဒီမွန်းက ဘာမှပြန်မပြောဘူး။ မေးလွန်းမက မေးကြတဲ့အခါမှာ သူက လက်ဖက်ရည်စားပွဲပေါ်မှာ မြေဖြူနဲ့ ရေးလိုက်တယ်။
"ငပေ၊ ငမှေး၊ မို့ ...
အဖြေကလေး ပေးပါကွယ်" တဲ့။
ပထမတော့ အားလုံးကြောင်သွားပြီး နောက်မှ ရယ်လိုက်ကြတာ သောသောညံလို့ပေါ့။
"ကိုဒီမွန်းက ကဗျာလဲရေးတတ်တာကိုး။ သိပ်မိပဲဗျာ"
လို့ ၀ိုင်းပြောကြတယ်။
ဒီမွန်းကတော့ ထုံးစံအတိုင်း အေးတိအေးစက်ကြီးပါပဲ။
ဟမ်းလော့က ဒီမွန်းကို ပြောပါတယ်။ သူ့ကိုချစ်ရင် စာမေးပွဲတစ်ခု အောင်အောင်ဖြေပေးပါတဲ့။ ဟမ်းလော့ပြောတဲ့ စာမေးပွဲက အင်မတန်ခက်ခဲတဲ့ စာမေးပွဲပါပဲ။ သက်ဆိုင်ရာ ပညာသည်တွေအတွက်တောင် အသက်ရှူမှားရတဲ့ စာမေးပွဲဟာ ဒီမွန်းလိုလူတစ်ယောက်အတွက် တွေးဝံ့စရာ မရှိပါဘူး။ ဒါပေမယ့် အံ့သြလောက်အောင်ကို တောင်းဆိုသူက တောင်းဆိုပြီး ခေါင်းညိတ်တဲ့သူက ခေါင်းညိတ်လိုက်တယ်။
အဲဒီစာမေးပွဲကို ဒီမွန်းဖြေမယ်တဲ့။
(အဲဒီစာမေးပွဲဟာ နိုင်ငံကြီးတစ်နိုင်ငံကြီးမှူးတဲ့ အပြည်ပြည်ဆိုင်ရာ စာမေးပွဲတစ်ခုပါ)
ဟမ်းလော့ကို သူတစ်ခွန်းပြောခဲ့တယ်။
"ကိုယ့်သဘာဝအရတော့ ဒါတွေကို စိတ်မ၀င်စားတော့ပါဘူး။ နိမ့်ပြ၊ မြင့်ပြ၊ ဆုတ်ပြ၊ ဆန်းပြနဲ့ မင်းရှေ့မှာ ဂဏန်းတွေ တစ်လုံးပြီးတစ်လုံး ဖြစ်ပြနေတဲ့ လူတွေထဲမှာလည်း ကိုယ်မပါချင်ဘူး။ ဒါပေမယ့် မင်းတောင်းဆိုလို့ ကိုယ် ကြိုးစားမယ်။
ကိုယ်က လူမိုက်ပါ။ လူမိုက်အတိုင်းအတာအထိပဲ စွမ်းနိုင်လိမ့်မယ်။ ကြယ်တံခွန်ကို ကိုယ်မဆွတ်နိုင်ဘူး။ ဒါပေမယ့် လူမိုက်ဟာ လူမိုက်လိုတွေးတယ်။ ကိုယ်ကိုယ်တိုင်က 'လူတံခွန်' ဖြစ်အောင် လုပ်မယ်။
အဲဒီတော့ မင်းစောင့်နေလေ။ အဲဒီစာမေးပွဲကို ကိုယ် အောင် အောင်ဖြေပြီး မင်းဆီ ကိုယ်ပြန်လာခဲ့မယ်။"
အဲဒီလိုနဲ့ ဒီမွန်းဟာ ကျောင်းတော်သားတစ်ယောက်ပြန်ဖြစ်သွားတယ်။
ဒါပေမယ့် သူ့ကျောင်းက ခေါင်းလောင်းမထိုးဘူး။ သူကလည်း ဖောင်တိန်၊ စာရွက်၊ ဖတ်စာအုပ် စတာတွေ ဘာမှမဆောင်ဘူး။
သူဖြေဆိုရမယ့် ဘာသာရပ်နဲ့ ပတ်သတ်ပြီး မြို့ပြင်က ကျောင်းဆရာကြီးတစ်ယောက်ထံမှာ (SYMPOSIUM) ဆိုတဲ့ စနစ်နဲ့ သင်ယူပါတယ်။
သူနဲ့ ဆရာကြီးဟာ အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ ထိုင်တယ်။ မြေပြင်မှာ တုတ်နဲ့ခြစ်ပြီး အပြန်အလှန်ပြောဆို ဆွေးနွေးကြတယ်။ ပြန်လည်ငြင်းခုံခွင့်ရော၊ နည်းလမ်းဆန်းသစ်ခွင့်ရော သူရတယ်။
အဲဒီလိုနဲ့ ဒီပညာကို လေ့လာခဲ့တယ်။
(ဆရာကြီးရဲ့ သမီးဖြစ်သူဟာလည်း ဒီဘာသာရပ်နဲ့ ပတ်သတ်ပြီး ကျမ်းပြုစာတမ်းတစ်စောင် ရေးသားခဲ့ဖူးတယ်။ အစပိုင်းမှာပဲ ဆရာကြီးက သင်ပေးနိုင်ပြီး နောက်ပိုင်း သူ့ ကျန်းမားရေးမကောင်းတဲ့အခါ သင်မပေးနိုင်တော့ဘူး။ ဆရာကြီးကိုယ်စား သူ့သမီးက ဆက်လက်သင်ပြပေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီမွန်းကတော့ ကြိုးစားပါတယ်။)
မီးခိုးငွေ့တန်းကို ကြိုးကွင်းနဲ့ ပစ်ဖမ်းတာကမှ လွယ်ဦးမယ်။ ဒီစာမေးပွဲကို အောင်မြင်ဖို့ မလွယ်ပါဘူး။
ဒါပေမယ့် ဒီမွန်းကတော့ တိုက်ပွဲဝင်သွားပါပြီ။ စစ်ရထားပေါ်ကနေ အားလုံးကို လက်ပြနှုတ်ဆက်ထားပါပြီ။
မြို့ပတ်လမ်းမှာ၊ သင်္ဘောဆိပ်မှာ၊ မြင်းလှည်းပေါ်မှာ၊ ပန်းခြံထဲမှာ ကျောင်းစာတွေ လေးလေးနက်နက်စဉ်းစားနေတဲ့ ဒီမွန်းကို အားလုံးတွေ့ကြရတယ်။
(အားလုံးကလည်း မသိမသာ အကဲခတ်နေကြတယ်)
အဲဒါကို ဟမ်းလော့နဲပ အပေါင်းအပါတွေက မသိမသာ မျက်စပစ်တယ်။ ဒီမွန်းရှေ့မှာ ဘာသံမှ မထွက်ရဲပေမယ့် ကွယ်ရာမှာတော့ ဒီမွန်းကို ငပေါတစ်ယောက်လို ဟားကြတယ်။
ဒီမွန်းလိုကောင်ကို ၀ပ်သွားအောင် ပြုစားလိုက်နိုင်တဲ့ ဟမ်းလော့ရဲ့ နားထဲကိုလည်း ချီးကျူးစကားတွေ အများကြီးရောက်လာတယ်။ အဲဒီအချိန်မှာတော့ သူမတို့အတွက် ပျော်စရာဆိုတာ ဒီမွန်းကို ကျိတ်ရယ်နေကြခြင်းပါပဲ။
အဲဒါတွေအားလုံးကို ဒီမွန်း ပြန်ကြားပါတယ်။ သူ့ဆီကိုလည်း စာတစ်စောင် ရောက်လာတယ်။
ဟမ်းလော့ကို ဒီမွန်းထက်အရင်ချစ်ခဲ့ပြီး ဒီမွန်းကြောင့် နောက်ဆုတ်ပေးရတဲ့ လူငယ်တစ်ယောက်ဆီကပါ။ ဟမ်းလော့ကို သူသိပ်ချစ်တယ်ဆိုတာကို နာမည်မဖော်ဘဲ ကြေကြေကွဲကွဲ ရေးထားတာပါ။
ဒီမွန်းကတော့ ဘာကိုမှ မခံစားရသလိုပါပဲ၊
သူ့ကျောင်းစာကိုပဲ သူလေ့လာပြီး နောက်ဆုံးတော့ သံရုံးမှာ ဖြေဆိုဖြစ်တယ်။
စာမေးပွဲအကြောင်း ဘာမှပြန်မပြောဘဲ မြို့မှာ ပုံမှန်ပြန်နေတယ်။
သူ့ ထုံးစံအတိုင်း အေးတိအေးစက်ကြီးပါပဲ။

(၅)
လောကကြီးမှာ မာယာများတတ်တယ်နော်။
တချို့ညတွေမှာ ကြယ်တာရာတွေရံပြီး တချို့ညတွေမှာ လင်းနို့တွေ သင်းဖွဲ့ပျံနေကြတယ်။
မြင်းစီးသူရဲချင်းတူတာတောင် ကိုင်တဲ့ကျာပွတ်ချင်းမတူဘူး။
အဲဒီလို မျက်လှည့်ပြတတ်တဲ့ လောကကြီးထဲမှာမှ ဒီမွန်းဟာ ဟမ်းလော့ကိုချစ်ရတာ ဘီလူးတစ်ကောင်က ရွှေမင်းသမီးလေးကို မြတ်နိုးရသလိုပါပဲ။
ဟမ်းလော့ဘက်ကတော့ ဒီမွန်းကို ကြောက်တာတစ်ခုတည်းသိပြီး ဘာမှ အလေးအနက်မရှိခဲ့ပါဘူး။ အောင်မှာ မဟုတ်တဲ့ စာမေးပွဲကြီးတစ်ခု ဖြေခိုင်းပြီး လွယ်လွယ်ကူကူ ပထုတ်လိုက်တာပါ။ မတော်တဆ အောင်သွားရင် ဘယ်လိုလုပ်မလဲ။ ကျဦးတော့ ဒီမွန်းက နောက်ဆုတ်မပေးရင် ဘယ်လိုလုပ်မလဲဆိုတာလည်း သူမ ကြိုတွေးမထားပါဘူး။
ဒီမွန်းရဲ့ စာမေးပွဲအတွက် အောင်စာရင်းထွက်ဖို့ နီးလာတာနဲ့ မြို့သူမြို့သားတွေ စိတ်ဝင်တစား စောင့်ကြည့်လာကြတယ်။
တစ်နေ့မှာတော့ ဟမ်းလော့တို့ အသိုင်းအ၀ိုင်းက မီးပုံပွဲတစ်ခုလုပ်ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေ့ဟာ ဒီမွန်း အောင်စာရင်းထွက်တဲ့ နေ့ဖြစ်တယ်။
အောင်စာရင်းကြည့်ဖို့အတွက် ဒီမွန်းဟာ မနက်အစောကြီး သူ့အိမ်က ထွက်သွားပါတယ်။
သူပြန်အလာကို ရင်မောမောနဲပ စောင့်ကြိုရင်း မြို့ကလေးလည်း ရင်ခုန်သံတွေ တရိပ်ရိပ်မြန်နေပါတယ်။
ညနေစောင်းတဲ့ အထိ ဒီမွန်း ပြန်ရောက်မလာပါဘူး။
ဟမ်းလော့တို့ဟာ ဒီမွန်း ရှုံးနိမ့်သွားပြီဆိုတဲ့အသိနဲ့ မီးပုံပွဲကို ပျော်ပျော်ရွင်ရွင် စတင်လိုက်ကြပါတယ်။
တစ်ယောက်က ဟမ်းလော့ကိုနောက်တယ်။
"ဒီမွန်း အောင်ခဲ့ရင် ဘယ်နှယ့်လုပ်မလဲ" တဲ့။
ဟမ်းလော့က ချစ်စရာအမှုအရာလေးနဲ့ ရယ်ရင်း ...
"သူ အောင်မှာမဟုတ်တဲ့ စာမေးပွဲပါ" လို့ ပြောတယ်။
ဟမ်းလော့ရဲ့အမေကလည်း နံဘေးနားမှာ ရှိတယ်။ နားသယ်စပ်က ဆံပင်တွေကို သပ်တင်သလိုလိုနဲ့ သူ့နားရွက်က စိန်နားကပ်ကြီးကို လူမြင်အောင် ပြနေတယ်။
ချင့်ချိန်တတ်ပုံရတဲ့ အရာရှိကြီးတစ်ယောက်က ၀င်ပြောတယ်။
"'ဒီမွန်းက စာမေးပွဲအောင်ချင် အောင်လာမှာ။ သိပ် လျှော့မတွက်နဲ့" တဲ့။
"ဒီမွန်းက ဥာဏ်ရည်သိပ်မြင့်တယ်။ သူ ဖြစ်ချင်တာကိုလဲ ဖြစ်အောင်လုပ်တတ်တယ်" တဲ့။
အဲဒီစကားကြားတော့ ဟမ်းလော့ နည်းနည်းမျက်နှာပျက်သွားပြီး ဟမ်းလော့ရဲ့အမေက ထိုင်ရမလို၊ ထရမလို ဖြစ်သွားတယ်။
ခဏကြာတော့ နိုင်ငံခြားပြန်ဆရာဝန်တစ်ယောက် ရောက်လာတယ်။ ဒီမွန်း စာမေးပွဲကိစ္စကို တဟားဟားအော်ရယ်ပြီး ...
"စိတ်ချပါဗျာ၊ ဒီမွန်းက ဘယ်လိုလုပ် အောင်မှာလဲ။ ဒီစာမေးပွဲအောင်ဖို့ဆိုတာ အမေရိကမှတောင် ... " ဘာညာပြောတယ်။
ဟမ်းလော့လည်း စိတ်အေးသွားတယ်။ ဟမ်းလော့ရဲ့အမေက ငွေစက္ကူကြီးတစ်ရွက်ကို ထောင့်စွန်းလေးဖြစ်အောင်လုပ်ပြီး နားဖားချေးကလော်နေတယ်။
(နားဖာချေးကလော်သလိုလိုနဲ့ နားရွက်က စိန်နားကပ်ကြီးကို လူသတိထားမိအောင် ပြနေတယ်)
နောက်ထပ်ဧည့်သည်တစ်ယောက် ရောက်လာတယ်။ သူကတော့ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး ဒီမွန်းနဲ့လည်း စကားအပြောအဆိုရှိတယ်။
"ဒီမွန်းက ရန်ကုန်ကို ဖုန်းနဲ့ကြိုမေးပြီး အောင်စာရင်းသွားကြည့်တာ" တဲ့။
"လေကလေးချွန်ပြီး ထွက်သွားတာပဲ။ အောင်တယ်ထင်တယ်" တဲ့။
သူ့စကားကြောင့် ဟမ်းလော့က နှုတ်ခမ်းလေးကို ကိုက်ထားပြီး ဟမ်းလော့ရဲ့အမေက ထိုင်ရမလို၊ ထရမလို ဖြစ်နေတယ်။
အဲဒါနဲ့ သူတို့ကလည်း ရန်ကုန်က နှံ့စပ်တဲ့ မိတ်ဆွေတစ်ယောက်ဆီ အဲ့ဒီစာမေးပွဲအကြောင်း ဖုန်းဆက်မေးလိုက်တယ်။ မိတ်ဆွေက ပြန်ပြောတယ်။ ဆယ်ရာခိုင်နှုန်းပဲ အောင်တယ်။ ကိုးဆယ်ရာခိုင်နှုန်း ကျတယ်တဲ့။
ဟမ်းလော့က သက်ပြင်းချတယ်။ ဟမ်းလော့ရဲ့အမေက ၀မ်းသာအားရ ပြုံးလာတယ်။ ဟိုဘက်လှည့် နှုတ်ဆက်၊ ဒီဘက်လှည့်နှုတ်ဆက်နဲ့ သူ့စိန်နားကပ်ကြီးကို လည်လိမ်ပြီး ပြနေတယ်။
ညမှောင်လာတာနဲ့ အမျှ မီးပုံပွဲက ပိုပြီး စည်ကားလှပလာတယ်။ ဟမ်းလော့ရဲ့ အပေါင်းအပါတွေ အောင်ပွဲခံသလို စားသောက်နေကြတုန်း သတင်းတစ်ခုဝင်လာတယ်။
ဒီမွန်း မနက်ကထွက်သွားတဲ့ သူရဲ့ (သိမ်းထားတာကြာပြီဖြစ်တဲ့) နာမည်ကျော် ဓားမြှောင်ကို ကိုယ်မှာဆောင်သွားတယ်။ သူ စာမေးပွဲကျရင် ဟမ်းလော့ကို အကြမ်းနည်းနဲ့ လုယက်ခေါ်ဆောင်ဖို့ ဖြစ်နိုင်တယ်တဲ့။ ဟမ်းလော့က မျက်လုံးဝိုင်းနေပြီး ဟမ်းလော့ရဲ့အမေက ထိုင်ရမလို၊ ထရမလို ဖြစ်နေတယ်။
နောက်တော့ ဧည့်သည်တစ်ယောက် အမောတကော ရောက်လာပြီး သူတို့ရှေ့မှာ ရပ်တယ်။
ဟမ်းလော့ရဲ့မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်လာတယ်။
ဧည့်သည်က အထစ် အထစ်နဲ့ ပြောတယ်။
'ဒီမွန်း အခုပဲ ပြန်ရောက်လာပြီ' ဆိုလို့ ထရပ်မိတဲ့ ဟမ်းလော့ရဲ့အမေဟာ ...
'ဒီကိုတော့ မလာသေးဘူး' ဆိုတဲ့ စကားကြောင့် ပြန်ထိုင်မလို လုပ်ပြီးခါမှာ ...
'ဟော့ဒါပေးလိုက်တယ်' ဆိုတာကြောင့် မထိုင်မိဘဲ ကုန်းကုန်းကွကွ ဖြစ်နေတယ်။
(ခြုံငုံသုံးသပ်ရရင်တော့ သူ့ခမျာ ထိုင်ရမလို၊ ထရမလို ဖြစ်နေတယ်)
ဒီမွန်းပေးလိုက်တာ စက္ကူအိတ်တစ်အိတ်ပါ။ အဲဒါကို သူတို့တွေ ကြောက်ကြောက်လန့်လန့်နဲ့ ဖွင့်ကြတယ်။
"အို"
ပထမဆုံး ထွက်လာတာကတော့ အဲဒီစာမေးပွဲကို ဒီမွန်က ပြောင်ပြောင်မြောက်မြောက် အောင်မြင်လိုက်တဲ့ အကြောင်း သိသာခိုင်မာတဲ့ အထောက်အထားစာရွက်ပါ။
ဟမ်းလော့တို့ အပေါင်းအပါတစ်စုလုံး မွှန်ထူသွားကြတယ်။
ဟမ်းလော့ဆိုရင် မျက်စိတွေပြာပြီး ကတုန်ကယင်ဖြစ်သွားတယ်။
'ဆက်ဖတ်ကြည့်စမ်းပါဦး' လို့ ဘေးလူတွေက တုန်လှုပ်သတိပေးရတယ်။
ဆက်ကြည့်တယ်။
ဒုတိယထွက်လာတာ လင်္ကာတစ်ပုဒ်ပါ။
အရိုးခွံကို အရေပြားနဲ့ပတ်ထားတဲ့ ရုပ်အလှဟာ မမြဲသောတရားသာဖြစ်လို့ ဒီအပေါ်မှာ ဂုဏ်မမောက်သင့်ဘူး ဆိုတဲ့အကြောင်း ဆုံးမထားတဲ့ သံဝေဂလင်္ကာကြီးပါ။
တတိယထွက်လာတာကတော့ လျှာထုတ်ပြောင်ပြရင်း လက်ဝှေ့ရမ်းနှုတ်ဆက်နေတဲ့ ကာတွန်းရုပ်ပါပဲ။
အောက်က စာတစ်ကြောင်းရေးထားတယ်။
"ဒီဘ၀မှာ နှမလက်လျှော့နေလေတော့" ဟု။
အဲ့ဒီအောက်ကနေ ဒီမွန်းရဲ့လက်မှတ်ကို သူ့နာမည်ရင်းနဲ့ ရေးထိုးထားတယ်။

(၆)
အဲဒီညနေဟာ ရွှေအိုရောင်မြူခိုးတွေနဲ့ ရိုးရိုးသားသားလှပနေခဲ့တယ်။ ဒီမွန်းက သူ့ကိုစာပြပေးတဲ့ ဆရာမလေးဆီ ၀င်နေတာပါ။
"မမ ကျွန်တော် စာမေးပွဲအောင်တယ်" ဆိုတော့ ကောင်မလေးက ကြည်ကြည်လင်လင် ပြန်ပြုံးပြတယ်။
ဒီမွန်းက သူ့ကိုယ်ပေါ်က ဓားမြှောင်ကို ကောင်မလေးရဲ့ အရှေ့ဘက်မြေပြင်မှာ ပစ်ချပြီး ...
"ကျွန်တော့်လူမိုက်ဘ၀ကို မမရှေ့မှာ ကျွန်တော် လက်နက်ချလိုက်ပြီ။ ကျွန်တော့်ကို ဒီမွန်းလို့ မခေါ်နဲ့တော့" လို့ပြောတယ်။
နောက်ထပ်လည်း စကားတွေ အများကြီးပြောတယ်။
တိုးညင်းနွေးထွေးတဲ့ သူ့စကားတွေကို နားထောင်ရင်း ကောင်မလေး မျက်လွှာချတယ်။ အေးငြိမ်းတဲ့မျက်နှာလေးဟာ တဖြည်းဖြည်းအောက်ငုံ့သွားတယ်။
လေတွေ တသုန်သုန်တိုက်တဲ့အခါ သူ့ဆံနွယ်မျှင်လေးတွေက အနုပညာဆန်ဆန် မျောလွင့်နေကြတော့တယ်။
ဒီမွန်း (Demon) = နတ်ဆိုး
စာကြွင်း
ဒီဇာတ်လမ်းနဲ့ ပတ်သတ်ပြီး ကျွန်တော်က ...
(က) စိတ်ကူးယဉ်၍ ရေးသားခြင်းဖြစ်သည်။
(ခ) ဖြစ်ရပ်မှန်တစ်ခုကို ရေးသားထားခြင်းဖြစ်သည်လို့ အဆိုနှစ်ခု ပေးခဲ့ရင် ဘယ်ဟာမှန်တယ် ထင်ပါသလဲ။ ရဲရဲတွေးပြီး အမှား၊အမှန် ခြစ်ကြည့်စမ်းပါ။

တာရာမင်းဝေ

Saturday, April 21, 2012

အတု

ဆံပင်အတု…
မျက်တောင်အတု…
ခြေလက်အင်္ဂါအတု…
တိုးတက်တဲ့ခေတ်မှာ
အတုအယောင်ဆိုတာ လွယ်လိုက်တာ
မိတ္တူတွေပွားထားသလိုပဲ
မိတ်ဆွေအတု…
အပြုံးအတု…
ချစ်ခြင်းမေတ္တာအတု…
အတုတွေများလွန်းတော့
နှိုင်းယှဉ်ခွဲခြားဖို့
အစစ်တောင် ရှာမတွေ့တော့ဘူး
ငါရော…
အလွန်းလို့ အတု ရလိုက်တာလား
လည်လွန်းလို့ အတု လုပ်လိုက်မိတာလား
ငါ့ကိုငါ ရှာဖွေကြည့်မိတယ်
ဟော… တွေ့ပါပြီ
ငါဆိုတာလည်း
အတုအယောင်ပါပဲ။   ။

လှိုင်မျိုး
April 11, 2011

ကျွန်တော်... သို့သော်... ကျေးဇူးပြု၍

ကျွန်တော်...
မြစ်လိုတသွင်သွင်စီးဆင်းချင်သည်
သို့သော်...
ကျွန်တော့်ကြောင့်တော့်
ဘယ်သူ့မှ မြစ်ကျိုးအင်းတွေ ဖြစ်မကျန်ရစ်စေချင်ပါ
ကျေးဇူးပြု၍
ကျွန်တော့်အပေါ်ကို အမှိုက်သရိုက်တွေ အညစ်ကြေးတွေ မစွန့်ပစ်ကြပါနဲ့။

ကျွန်တော်...
ရွှေကန်ထဲမှ ကြာပန်းမဟုတ်ပါ
သို့သော်...
ရွံ့ညွန်ထဲမှ ကြာပင်ဖြစ်ပါစေ
အကောင်းဆုံးရနံ့နှင့် သင်းပျံ့ကြီးထွားနိုင်ပါတယ်
ကျေးဇူးပြု၍
ကျွန်တော့်ကို လွတ်လပ်စွာ ပွင့်လန်းခွင့်ပေးပါ။

ကျွန်တော်...
လောကအတွက်
စိန်တစ်ပွင့်လို အဖိုးတန်ချင်မှတန်ပါမည်
သို့သော်...
ကျောက်ခဲတစ်လုံးလောက်တော့ တစ်ထောင့်တစ်နေရာမှာ အသုံးဝင်ပါသည်
ကျေးဇူးပြု၍
တခါတရံမှာ ဖြစ်တတ်သော ကျွန်တော့်မာကျောမှုကို သည်းခံပေးပါ။

ကျွန်တော်...
ပခုံးပေါ်တွင် ၀န်ထုပ်ဝန်ပိုးများစွာ ပါလာသည်
သို့သော်...
တတ်နိုင်သရွေ့ ရှောင်ကွင်းသွားပါမည်
ကျေးဇူးပြု၍
တိုက်မိချိတ်မိလျှင်ခွင့်လွှတ်ေ
ပးကြပါ။

ကျွန်တော်...
လျှောက်ရမည့် ဘ၀ခရီးက အကွေ့အကောက်များပါသည်
သို့သော်...
ကိုယ့်လမ်းကိုယ် ဖြောင့်မတ်မှန်ကန်စွာသွားပါမည်
ကျေးဇူးပြု၍
လမ်းဖယ်ပေးကြပါ။

ကျွန်တော်...
အဖြူရောင်သန့်သန့်ဖြင့်နေပါသည်
သို့သော်...
အစွန်းအထင်မခံပါ
ကျေးဇူးပြု၍
ကျွန်တော့်ကို အရောင်တွေမတင်ပါနှင့်။

ကျွန်တော်...
ကိုယ့်သမိုင်းကိုယ် ရေးပါသည်
သို့သော်...
ကျွန်တော့်သမိုင်းထဲတွင် သင်တို့အကြောင်းတွေပါနေသည်
ကျေးဇူးပြု၍
သင်တို့မကောင်းကြောင်းများပါေ
နလျှင် နားလည်ပေးကြပါ။   ။

လှိုင်မျိုး
11:30 pm
Oct 10, 2010