Warmly Welcomed

Just presentation by words, omens, signs of feelings, ideas penetrated into the heart.
You're invited to read, criticize and suggest.

ရင်ထဲသို့စူးနစ်လာသော ခံစားချက်များ၊ အတွေးအမြင်များအား စကားလုံးများ၊ နိမိတ်ပုံများ၊ သင်္ကေတများဖြင့် ကြိုးစားဖွဲ့စည်းတင်ပြ ထားခြင်းမျှသာ ဖြစ်ပါသည်။
ဖတ်ရှု၊ ဝေဖန်၊ အကြံပေးရန် ဖိတ်ခေါ်ပါသည်။

Sunday, January 24, 2016

အမေ

ဘာသာစကားတိုင်းမှာရှိတယ်
တစ်လုံးတည်းသော
အလှဆုံး စကားလုံး

အမေ...

လှိုင်မျိုး
24/01/2015
ပြာသိုလပြည့်နေ့
အမေနေ့
-----------------------------
It has every languages
Only one word
The most beautiful

MOTHER

Saturday, December 19, 2015

မြန်မာနိုင်ငံရဲ့အပြောင်းအလဲမှာ မန္တလေးဆောင်းလည်းပါတယ်



''ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့
မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့''လို့
ဘွဲ့ဆိုခဲ့တာ...

ဆရာဖေရေ
အဲဒီဆောင်းဟာ
မန္တလေးမြို့ခံတွေနဲ့အတူ
မန္တလေးမြို့အပြင်ကို နှင်ထုတ်ခံလိုက်ရပြီ။

၂၆လမ်း၊ လမ်း၃၀၊ ၃၅လမ်း၊
၆၂လမ်း၊ လမ်း၈၀၊ ၈၄လမ်း၊ ၈၆လမ်း၊ မန္တလေးရဲ့ အသက်သွေးကြောလမ်းတွေမှာ
မြန်မာစကား မပြောတတ်၊ မြန်မာစကား မပီတဲ့
အသားဖြူ နီကြား တိုင်းရင်းသားမဟုတ်တဲ့လူတွေကို
အလွယ်တကူ တွေ့နိုင်ပေမယ့်
မန္တလေးဆောင်းစစ်စစ်နဲ့
မန္တလေးမြို့ခံ မြို့သူ၊ မြို့သားစစ်ကို
မန္တလေးမြို့စစ်စစ်ရဲ့
လမ်းကြိုလမ်းကြားမှာတောင် မတွေ့ရဘူး။

မန္တလေးမြို့ပြင်လေးရပ်မှာ
နေခွင့်မရတော့တဲ့ မန္တလေးဆောင်းဟာ
လေလုံအုတ်တိုက်မရှိတဲ့
မွေ့ယာ ဂွမ်းဆောင်ထူထူမရှိတဲ့
အမွှေးပွပွ အနွေးထည်မရှိတဲ့
မန္တလေးမြို့အစွန်က လူတွေကို
အသဲစွဲအောင်ချစ်တတ်ဖို့အတွက်
အရိုးကွဲအောင်ရိုက်နှက်နေတယ်။

အခုတော့...
မြန်မာနိုင်ငံရဲ့အပြောင်းအလဲမှာ
မန္တလေးဆောင်းဟာ ပြောင်းလဲသွားတယ်။

လှိုင်မျိုး
18th Dec 2015

Tuesday, July 14, 2015

''ငြိမ်းချမ်းရေးစား ပွဲဝိုင်း''


ဆားမပါတဲ့ ဟင်းလျာတွေနဲ့
တည်ခင်းဧည့်ခံသလို
ယုံကြည်မှုမပါပဲ ဆွေးနွေးတော့
ငြိမ်းချမ်းရေးအရသာ
ဘာသိတော့မှာလဲ...
အမြင်ချင်းမတူညီပဲ
ဆက်လျှောက်လှမ်းရင်း
ပန်းတိုင်ဟာ
ခင်ဗျားတို့စကားလုံးတွေနောက်မှာ
တဖြည်းဖြည်း ဝေးကျန်ခဲ့တယ်
ဒီလိုနဲ့
စက္ကူဖိတဲ့ ဖန်တုံးတစ်ခုလို
ငြိမ်းချမ်းရေးဟာ
ခင်ဗျားတို့စားပွဲအစွန်ကိုရောက်နေတယ်.....II II
လှိုင်မျိုး
07/04/2015

Sunday, March 23, 2014

“အတူတူရှိနေလျှင်”




လက်တစ်ဖက်က
ချစ်သူလက်ကို ဆုပ်ကိုင်ထားရင်
ကျန်တစ်ဖက်နဲ့
အရာအားလုံးကို ရယူနိုင်တယ်

ဗီသိုဗင်ရဲ့ ဂီတမလိုဘူး…
မိုနာလီဇာ အပြုံးမလိုဘူး…

ချစ်သူသာ အတူတူရှိနေရင်
လောကဟာ
ကမ္ဘာကျော် ဂီတတွေ
ကမ္ဘာကျော် ပန်းချီကားတွေထက်
ပိုမိုသာယာ လှပတယ်

ချစ်သူနဲ့ အတူလျှောက်ရတဲ့ ကန္တာရက
ဧဒင် ဥယျာဉ်ထက် ပိုအေးချမ်းတယ်

ချစ်သာ အတူတူရှိနေရင်
ကမ္ဘာဦးအစ
နှစ်ယောက်တည်းနေရတဲ့ အာဒံ ဧ၀ထက်
ငါ ပိုပျော်ရွှင်တယ်။ 

လှိုင်မျိုး
May 24th , 2011

“ပိတ်ထားသော နှုတ်ခမ်းမှ လွင့်စင်လာသော သံစဉ်”




ကြယ်စင်အစုံ
လင်းလဲ့ဖြာဝေတဲ့ ညတွေမှာ
သိမှတ်မှုမှန်သမျှ
ဦးဏှောက်က လွင့်ခါသွားလောက်အောင်
မင်းကို သတိရတယ် ချစ်သူ

ဒီကြယ်စင်တွေပဲလေ
ညတစ်ညမှာ
တို့နှစ်ယောက်အတူ
မော့ငေးဖူးတယ်။

အခုတော့လည်း …
နှစ်ယောက်အတူ
စားဖူးတဲ့ ထမင်းဆိုင်
ထိုင်ဖူးတဲ့ ခုံတန်းလျား
သွားရောက်ဖူးတဲ့ နေရာ
သောက်ဖူးတဲ့ အအေးဆိုင်
လျှောက်ဖူးတဲ့ တမာပင်လမ်း
ကောက်ပေးဖူးတဲ့ ခရေပန်း
ဒါတွေ အလွမ်းသက်သက်ပါပဲ…

… … …

“… … ကို ချစ်တယ်” ဆိုတဲ့စကားကို
ငါ့နှုတ်ခမ်းကိုက်
ဘယ်သူမှ မကြားအောင်
ရင်ထဲမှာပဲ တိတ်တဆိတ်အော်နေမိတာ
အကြီမ်ပေါင်း သိန်းသန်းမကပါကွယ်

ငါဆိုတဲ့ကောင်ကလည်း
သူငယ်ချင်းရဲ့ ညိုညင်မှုနဲ့
မိန်းမလှ တစ်ယောက်ရဲ့ အမုန်း
ဘာကို ခံယူမလဲဆိုရင်
ဒုတိယ အရာကိုပဲ ရွေးတယ်

မာယာပြက္ခဒိန်ရဲ့
ကမ္ဘာပျက်မယ့်ရက်မှ
ငါတို့ ပြန်ဆုံကြတာပေါ့
တို့နှစ်ယောက် ပေါင်းဖက်ဖို့အတွက်တော့
သာယာနေတဲ့ ကမ္ဘာတစ်ခုကို
မပျက်ဆီးစေတော့ဘူး။

… … …

ငါ့နှုတ်ခမ်းက ထွက်လာမယ့်
“မင်းကိုချစ်တယ်” ဆိုတဲ့စကားကို
ငါကိုယ်တိုင်ပြန်သတ်
မြိုသိပ်ခံစားနေသရွေ့
ငါ့ရင်ထဲက ဘာသာစကားကို
မင်းဘယ်လိုမှ နားမလည်နိုင်ဘူး
ငါကလည်း ကဗျာတစ်ပုဒ်ကို မခံစားတတ်တဲ့လူကို
ကဗျာရဲ့ အဓိပွာယ်
ကဗျာရဲ့ ဆိုလိုရင်းတွေ
ငါ ရှင်းမပြချင်ဘူး

တခါတရံမှာ
ကဗျာဆိုတာ
နားလည်ဖို့မလိုဘူး
ခံစားဖို့ပဲလိုတယ်လေ
ချစ်တယ်ဆိုတာကို
ချစ်သူသိဖို့ထက်
ချစ်နေဖို့ပဲလိုတယ်။

ဒီလိုနဲ့
မင်းနားမလည်တဲ့ ကဗျာတွေပဲ
ငါ့ရင်မှာ
တစ်ပုဒ်ပြီးတစ်ပုဒ် သီးပွင့်လာတယ်။
… … …
“အနုပညာကို
ဘာကြောင့် လုပ်နေသလဲ” တဲ့
ဒီမေးခွန်း အတွက်
ငါ့မှာ အဖြေမရှိသလို
ဘာ့ကြောင့် မင်းကို စွန့်လွှတ်ခဲ့လဲဆိုတဲ့
အကြောင်းပြချက် ငါမှာ မရှိဘူး။

ဒီလိုနဲ့
ငါတို့
တဒင်္ဂတွေ
အသင်္ချေမက ဝေးကြပြီ။

ဒါပေမယ့်
မင်းမသိပါဘူး ချစ်သူရယ်
ဘ၀တစ်ခုလုံး
ပြာခါကျသွားအောင်
မင်းကို ငါချစ်တယ်။

အချစ်ရာဇ၀င်ရဲ့ သမိုင်းပြတိုက်မှာ
အကြီးမြတ်ဆုံး ချစ်ခြင်းအဖြစ်
ထာဝရ ပြသထားနိုင်ဖို့
ငါ့ အချစ်တွေကို
ဆက်လက် ပျိုးထောင်သွားအုံးမယ်ကွယ်…။ ။

လှိုင်မျိုး
 

Wednesday, December 25, 2013

“ဆောင်းမှာဆိုတဲ့တေး“


“ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့
မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့” လို့
အချုပ်တန်းဆရာဖေ ညည်းခဲ့တဲ့
မန္တလေးဆောင်း...
ငါတို့ခေတ်မှာ
လမ်းဆုံတောင် ထွက်မဟစ်နိုင်လို့
အိပ်ယာမှာ ထွေးနေရတယ်

ဒီနှစ်ဆောင်းတွင့်
မန္တလေးရဲ့ အသည်းမှာ
နှင်းပွင့်တို့ အစုတ်လိုက်ခဲတယ်

ဥတုဂိမ္မာန်ရေ
ခဏလောက် အလည်လာလှည့်ပါ
မန္တလေးမြို့က
အနွေးဓါတ်ကို တောင့်တလွန်းလို့ပါ။

လှိုင်မျိုး
231213

Wednesday, November 27, 2013

သံယောဇဉ် နှောင်ဖွဲ့ခံကဗျာ

သူငယ်ချင်းတို့ရေ
လေရူးတွေပွေ
ရော်ရွက်တွေကြွေ
နွေကူးပြီလေ
ခေါင်းလောင်းတွေတိတ်
ကျောင်းတော်ကြီးပိတ်တော့မလေ
ရင်းနှီးသူတို့...
ချစ်ရသူတို့...
သူငယ်ချင်းတို့...
နှုတ်ဆက်ကြစေ
ခွဲရတော့မလေ...

လှိုင်မျိုး
24th November 2002