Warmly Welcomed

Just presentation by words, omens, signs of feelings, ideas penetrated into the heart.
You're invited to read, criticize and suggest.

ရင်ထဲသို့စူးနစ်လာသော ခံစားချက်များ၊ အတွေးအမြင်များအား စကားလုံးများ၊ နိမိတ်ပုံများ၊ သင်္ကေတများဖြင့် ကြိုးစားဖွဲ့စည်းတင်ပြ ထားခြင်းမျှသာ ဖြစ်ပါသည်။
ဖတ်ရှု၊ ဝေဖန်၊ အကြံပေးရန် ဖိတ်ခေါ်ပါသည်။

Wednesday, November 27, 2013

သံယောဇဉ် နှောင်ဖွဲ့ခံကဗျာ

သူငယ်ချင်းတို့ရေ
လေရူးတွေပွေ
ရော်ရွက်တွေကြွေ
နွေကူးပြီလေ
ခေါင်းလောင်းတွေတိတ်
ကျောင်းတော်ကြီးပိတ်တော့မလေ
ရင်းနှီးသူတို့...
ချစ်ရသူတို့...
သူငယ်ချင်းတို့...
နှုတ်ဆက်ကြစေ
ခွဲရတော့မလေ...

လှိုင်မျိုး
24th November 2002

အသက် ၁၈နှစ်

၁၈နှစ် အသက်
ဖြတ်သန်းခဲ့ပြီးတဲ့ ကျွန်တော်...

ကိုယ့်ထမင်းတစ်လုတ်ကို
ကိုယ်တိုင်ရှာဖွေထုတ်တတ်ရေးအတွက်...
ကိုယ့်အသက်ကို
ကိုယ်တိုင်ဆက်နိုင်ရေးအတွက်...
ကြိုးစားကူးခတ်ရင်း...

ရင်ဘတ်မှာလည်း
ဒဏ်ရာရခဲ့ပြီ...

နှလုံးသားမှာလည်း
အသားမာတတ်ခဲ့ပြီ...

စိတ်ဓာတ်တွေလည်း
ရင့်ကျက်ခဲ့ပြီ...

ရှေ့ဆက်ပြီး ဘာတွေလုပ်ရအုံးမှာလဲ...
ဘာတွေကြိုးစားအားထုတ်ရအုံးမှာလဲ...

ဖြတ်သန်းခဲ့တဲ့ အသက်၁၈နှစ်မှာရော
ဘာတွေရခဲ့ပြီလဲ...

၁၈နှစ်ဖြတ်သန်းခဲ့ရတဲ့ ဘ၀ကို
ကိုယ်တိုင် စစ်တမ်းထုတ်နေရပြီ။   ။

လှိုင်မျိုး
10th April 2005

Wednesday, November 13, 2013

"အဖြစ်အပျက် ထိတ်လန့်ခြင်း”


တစ်နေ့နေ့ကျရင်ဆိုတဲ့
မျှော်လင့်ခြင်းနဲ့
ကိုယ့်ကိုယ်ကို လောင်ကျွမ်းခဲ့ရတာ
နှစ်ပေါင်းများစွာ။

မနေ့၊ မနေ့တွေကို လှည့်ပြန်ကြည့်တော့
ပြီးခဲ့တဲ့ အဖြစ်အပျက်တွေ
(အမှားအယွင်းများစွာနဲ့)
မနက်ဖြန်၊ မနက်ဖြန်တွေ မျှော်ငေးကြည့်တော့
လာဦးမယ့် အဖြစ်အပျက်တွေ
(ပြင်ဆင်ပြောင်းလဲစရာ များစွာနဲ့)

ဒီလိုနဲ့…
(ဘ၀ကို)
မျှော်လင့်ခြင်းတစ်ခုတည်းနဲ့ ရှင်သန်နေရတာ
ထိတ်လန့်လာတယ်။  

လှိုင်မျိုး
09th Nov, 2013

Tuesday, November 5, 2013

“မိသားစု ရှင်းတမ်း”


အဖေ, အမေနဲ့ သားသုံးယောက်
ပြည့်စုံတယ်လို့ ပြောလို့ မဖြစ်လည်း
အဆင်ပြေတယ် ပြောခွင့်ရှိတဲ့ ဘဝ
အဲဒါ
ဟိုအရင် ဘုရင်ဖြစ်ချိန် နေ့ရက်များမှာ
စံမြန်းခဲ့ဖူးတဲ့
ကျွန်တော်တို့ မိသားစု နန်းတော်ပါ။

အခုတော့... ... ... ။

ဟိုတချိန်က
အရက်ကို မကြာခဏ အဆက်ဖြတ်တတ်တဲ့ အဖေ
အခုတော့
“ရှိတဲ့အချိန် သောက်မယ်”
“မရှိတဲ့ အချိန် မသောက်ဘူး”
“မသောက်ပဲနေလည်း ဖြစ်တယ်”
အဲဒီလို ပြောတတ်တဲ့ အဖေ့ပါးစပ်မှာ
အိမ်က ဆန်အိုးလေး ဆန်ပြတ်နေလည်း
အရက်နံ့ မပြတ်တော့ဘူး

မနက်မိုးလင်းတိုင်း မှန်ကြည့်တယ်
မှန်ကြည့်ပေမယ့်လည်း
ကိုယ့်ကိုယ်ကို ဘာမှန်းမသိတဲ့
ကိုကြီးနဲ့ ကိုလေးနှစ်ယောက်
အဖေ့ရဲ့ အရက်နံ့သင်းတဲ့လမ်းကို
သူတို့ လိုက်လျှောက်လှမ်းတယ်
အဲဒါတောင်
“မင်းက မှားတယ်” “ငါ့က မှားတယ်”
“အဖေက မှားတယ်” “သားက မှားတယ်” နဲ့
ညနေတိုင်း အိမ်ကုတ်ကလေးကို
(သုံးယောက်စလုံး)
ဆူညံအောင် လုပ်နေတုန်းပဲ။

မိသားစု အဆင်မပြေမှုကိုမြင်
ဒုက္ခကို ခံစားတတ်ပေမယ့်
ရင်ထဲမှာ မထားတတ်တဲ့
သားငယ် ကျွန်တော်ဟာလည်း
(မသိမသာ… လူသိရှင်ကြား)
ကိုယ့်အိပ်တန်းကို မပြန်ချင်တဲ့
အိမ်မကပ်တဲ့ အိမ်သားဖြစ်လာတယ်။

ဒီလိုနဲ့
အမေ့ရဲ့ ဒုက္ခအိုးဟာ
ခင်ပွန်းနဲ့ သားသုံးယောက်ရဲ့
မီးစာထိုးမှုမှာ
ပွက်ပွက်ြမည်ဆူဝေတယ်။

အဲဒါတောင်
အမေဟာ
“နှလုံးရောဂါ ဖြစ်ခါနီးပြီ
စိတ်ချမ်းသာအောင်နေရမယ်”လို့
ပြောခဲ့တဲ့ ဆရာဝန်စကားကို
ဘယ်အိမ်သားကိုမှ မကြားစေပဲ
ကိုယ့်ရောဂါကို ကိုယ်တိုင်သတ်နေတယ်။

ကံကြမ္မာပေးတဲ့
ဘ၀လမ်းက မဖြောင့်ဖြူးတာမို့
ကွေ့ကောက်လျှောက်ရတာ မမှုပေမယ့်
လူတွေကိုယ်တိုင်က ယိမ်းယိုင်နေလို့
မိသားစုလမ်းကို လိမ်ဖယ်လိမ်ဖယ်လျှောက်ရတာ
အမေ ပင်ပမ်းလွန်းတယ်။
ကျွန်တော်လည်း
အဲဒီလိုလျှောက်ရတာကို မုန်းလွန်းတယ်။

အဲဒီတော့
ကဲ… ဟောဒီမှာ
ကျွန်တော်တို့ အားလုံးရှေ့မှာ
စာရွက်အဖြူ ဗလာတစ်ရွက်စီရှိတယ်
ကျွန်တော်တို့ ရှေ့ဆက်ဘာလုပ်ကြမှာလဲ
ရေးချယ်ပေးကြပါ…။   ။

လှိုင်မျိုး
Sep 24th , 2013