အမေဟာ
သူဝတ်နေကျ
အင်္ကျီတတ်ထရွန်စလေးလို
ဖြူရော်နွမ်းလျ
ပင်ပမ်းနေလှပြီ။
သားသုံးယောက်ကိုမွေးကျွေး
ခါးကွေးကုန်းခဲ့လည်း
သားသုံးယောက်မှာ
`တစ်မိပေါက်တစ်ယောက်ထွန်း´
ဆိုတာထက်ပိုပြီး
နှစ်ယောက်က အရက်ကျေးကျွန်
အဲဒါတောင်
အမေဟာ
ညအိပ်မက်ဆိုး
အိပ်ယာကလန်းနိုးရင်း
`ငါ့သားတွေ အရက်သမား
မဟုတ်ဘူး´ လို့
မျက်ရည်စက်လက်နဲ့ ယောင်ရမ်းနေတုန်းပဲ
အရက်နံ့ တသင်းသင်းနဲ့
မိဘဂုဏ်တွေ ရွတ်ပြနေတာမျိုး
အမေ မနှစ်သက်ဘူးဆိုတာ
သားသိပါတယ် အမေ
အမေဖြစ်စေချင်တာ
နိုင်ငံအတွက်တိုက်ပွဲဝင်
စစ်သေနတ်ကိုထမ်း
အိမ်ပြန်လှမ်းလာတဲ့
ကြီးမြတ်လွန်းတဲ့ သားမျိုးမဟုတ်ဘူး
အမေ မျှော်နေတာ
အလုပ်မှ အိမ်အပြန်
ထမင်းဘူးကို လက်ကဆွဲ
ခြေလှမ်းမှန်မှန်နဲ့
အိမ်ပြန်လာတတ်တဲ့သား
စိတ်ချပါ အမေ
စတေကာ ကပ်ခွာတစ်ခုလို
သားခန္ဒာကို ဆွဲခွဲလည်း
ဘယ်တော့မှ
ကွဲပြားမသွားစေရဘူး
အမေဖြစ်စေချင်တဲ့သားမျိုး
သား ဖြစ်စေရမယ်
အမေ့ သား …။ ။
08.08.13
လှိုင်မျိုး
လှိုင်မျိုး
No comments:
Post a Comment