ကြယ်စင်အစုံ
လင်းလဲ့ဖြာဝေတဲ့ ညတွေမှာ
သိမှတ်မှုမှန်သမျှ
ဦးဏှောက်က လွင့်ခါသွားလောက်အောင်
မင်းကို သတိရတယ် ချစ်သူ
ဒီကြယ်စင်တွေပဲလေ
ညတစ်ညမှာ
တို့နှစ်ယောက်အတူ
မော့ငေးဖူးတယ်။
အခုတော့လည်း …
နှစ်ယောက်အတူ
စားဖူးတဲ့ ထမင်းဆိုင်
ထိုင်ဖူးတဲ့ ခုံတန်းလျား
သွားရောက်ဖူးတဲ့ နေရာ
သောက်ဖူးတဲ့ အအေးဆိုင်
လျှောက်ဖူးတဲ့ တမာပင်လမ်း
ကောက်ပေးဖူးတဲ့ ခရေပန်း
ဒါတွေ အလွမ်းသက်သက်ပါပဲ…
… … …
“… … ကို ချစ်တယ်” ဆိုတဲ့စကားကို
ငါ့နှုတ်ခမ်းကိုက်
ဘယ်သူမှ မကြားအောင်
ရင်ထဲမှာပဲ တိတ်တဆိတ်အော်နေမိတာ
အကြီမ်ပေါင်း သိန်းသန်းမကပါကွယ်
ငါဆိုတဲ့ကောင်ကလည်း
သူငယ်ချင်းရဲ့ ညိုညင်မှုနဲ့
မိန်းမလှ တစ်ယောက်ရဲ့ အမုန်း
ဘာကို ခံယူမလဲဆိုရင်
ဒုတိယ အရာကိုပဲ ရွေးတယ်
မာယာပြက္ခဒိန်ရဲ့
ကမ္ဘာပျက်မယ့်ရက်မှ
ငါတို့ ပြန်ဆုံကြတာပေါ့
တို့နှစ်ယောက် ပေါင်းဖက်ဖို့အတွက်တော့
သာယာနေတဲ့ ကမ္ဘာတစ်ခုကို
မပျက်ဆီးစေတော့ဘူး။
… … …
ငါ့နှုတ်ခမ်းက ထွက်လာမယ့်
“မင်းကိုချစ်တယ်” ဆိုတဲ့စကားကို
ငါကိုယ်တိုင်ပြန်သတ်
မြိုသိပ်ခံစားနေသရွေ့
ငါ့ရင်ထဲက ဘာသာစကားကို
မင်းဘယ်လိုမှ နားမလည်နိုင်ဘူး
ငါကလည်း ကဗျာတစ်ပုဒ်ကို မခံစားတတ်တဲ့လူကို
ကဗျာရဲ့ အဓိပွာယ်
ကဗျာရဲ့ ဆိုလိုရင်းတွေ
ငါ ရှင်းမပြချင်ဘူး
တခါတရံမှာ
ကဗျာဆိုတာ
နားလည်ဖို့မလိုဘူး
ခံစားဖို့ပဲလိုတယ်လေ
ချစ်တယ်ဆိုတာကို
ချစ်သူသိဖို့ထက်
ချစ်နေဖို့ပဲလိုတယ်။
ဒီလိုနဲ့
မင်းနားမလည်တဲ့ ကဗျာတွေပဲ
ငါ့ရင်မှာ
တစ်ပုဒ်ပြီးတစ်ပုဒ် သီးပွင့်လာတယ်။
… … …
“အနုပညာကို
ဘာကြောင့် လုပ်နေသလဲ” တဲ့
ဒီမေးခွန်း အတွက်
ငါ့မှာ အဖြေမရှိသလို
ဘာ့ကြောင့် မင်းကို စွန့်လွှတ်ခဲ့လဲဆိုတဲ့
အကြောင်းပြချက် ငါမှာ မရှိဘူး။
ဒီလိုနဲ့
ငါတို့
တဒင်္ဂတွေ
အသင်္ချေမက ဝေးကြပြီ။
ဒါပေမယ့်
မင်းမသိပါဘူး ချစ်သူရယ်
ဘ၀တစ်ခုလုံး
ပြာခါကျသွားအောင်
မင်းကို ငါချစ်တယ်။
အချစ်ရာဇ၀င်ရဲ့ သမိုင်းပြတိုက်မှာ
အကြီးမြတ်ဆုံး ချစ်ခြင်းအဖြစ်
ထာဝရ ပြသထားနိုင်ဖို့
ငါ့ အချစ်တွေကို
ဆက်လက် ပျိုးထောင်သွားအုံးမယ်ကွယ်…။ ။
လှိုင်မျိုး